အောင်မှိုင်းနှင့်အငြိုးကြီးသရဲ(အပိုင်း၂)
တပည့်သရဲများက စန္ဒာဒေဝီ ကို ကြမ်းပြင်ပေါ်တွင်ပက်လက်လှန်ချထားရာ နေမျိုးသူရတစ်ယောက် ဘေးတွင်မက်တပ်ရပ်ရင်းအပေါ်သို့ခေါင့်ကိုမော့ ပါးစပ်ကိုဟရင်း ရင်ခေါင်းသံဖြင့် "အားးးး ဟူ၍အော်ဟစ်လိုက်တော့သည်။ ပါးစပ်အတွင်းမှ အခိုးအငွေ့မဲမဲတွေထွက်လာကာ သဲသူဇာ ပါးစပ်ပေါက်နှခေါင်းပေါက် မျက်လုံးတို့မှနေ၍ ဝင်သွားပါတော့သည်။ သဲသူဇာတစ်ကိုယ်လုံးတုန်ရီလာပြီး ကြမ်းပြင်မှကော့တက်လာကာပြန်လည်ငြိမ်ကျသွားပါတော့သည်။ မျက်လုံးများပွင့်လာပြီး မတ်တပ်ရပ်နေသော နေမျိုးသူရကို ကြည့်ကာ "မောင်တော် မဟုတ်လား"
ဟုရေရွတ်ရင်း ဘေးပက်ဝန်းကျင်ကိုကြည့်မိလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ပုံစံများဖြင့် ဘေးနားတွင်ဒူးထောက်ထိုင်နေသည့် သရဲများကိုကြည့်ပြီး နေမျိုးသူရကို "မောင်တော်ရယ် အဖြစ်ဆိုးလှချည်လားမောင်တော်ရဲ့ "
ဟူ၍ရေရွတ်ရင်း နေမျိုးသူရက
" ဒေဝီ အတိတ်ဘဝကိုပြန်သတိရပြီလား မောင်တော့်ကိုမှတ်မိပြီလားအချစ်ရယ် "
ဟုပြောလိုက်တော့ စန္ဒာဒေဝီက
"သတိရပါပြီမောင်တော်
သို့ပေမယ့် ဘဝချင်းခြားနေပြီလေမောင်တော်ရယ် ဘယ်လိုလုပ်ရမလဲ"
နေမျိုးသူရက တစ်ချက်ပြုံးပြီး "မောင်တော် ဒီဘဝနဲ့ရန်သူတွေကိုလက်စားချေမယ်လို့ဆုတောင်းခဲ့တယ် ဒေဝီ အခုရန်သူတွေကိုရသလောက် ကလဲ့စားချေနေတယ်"
ဟုပြောတော့ စန္ဒာဒေဝီက
" ခေတ်ကာလတွေမတူတော့ဘူးမောင်တော်ရဲ့ အရင်တုန်းကလိုမဟုတ်တော့ဘူး နောက်ပြီးမောင်တော့်ကိုဒီဘဝနဲ့မမြင်ချင်ဘူးမောင်တော်"
ဟုပြောလိုက်တော့
"မသိဘူးဒေဝီ မောင်တော်အနားကနေထွက်မသွားနဲ့ ကျန်တာမောင်တော့်ကိစ္စ" ဟုပြောပြီး အိမ်ရှေ့သို့ထွက်သွားပါတော့သည်။ ဦးသာလှ တစ်ယောက် ရှင်တစ်ရာပွဲကအပြန် ဆရာတော်ကြီးအကူအညီတောင်းကာထည့်ပေးလိုက်သည့် ဆရာတစ်ယောက်နှင့် ကားပေါ်တွင်စကားလက်ဆုံကြလျှက်ရှိနေသည်။ မေးသမျှမချွင်းမချန် အကုန်ဖြေကြားနေရင်း မိမိအိမ်သို့အရင်မဝင်ပဲ စံအိမ်ကြီးသို့ဦးစွာသွားလိုက်သည်။သားဖြစ်သူအာကာကိုဖုန်းခဏခဏဆက်သော်လည်းမကိုင်သဖြင့် ဒေါသထွက်နေတုန်း ကားသမားက လမ်းဘေးတွင်ထိုးရပ်လိုက်ပြီး
" သူဌေး လမ်းမှာအကိုလေးတစ်ယောက်ထဲလျှောက်သွားနေတယ် "
ဟုပြောတော့ ဦးသာလှနှင့်ဆရာဆိုသူ ကားပေါ်မှဆင်းသွားလိုက်သည်။ အာကာတစ်ယောက် ကြောင်တောင်တောင်ဖြင့်လျှောက်သွားနေတာကိုတွေ့တော့ ဦးသာလှက
"သား အာကာ ဘယ်တွေသွားနေတာလဲ" ဟုမေးလိုက်သည်။ အာကာက ကြောင်တောင်တောင်ကြည့်ရင်း
"သား အာကာ ဘယ်တွေသွားနေတာလဲ" ဟု ပြန်ပြောသည်။ ဦးသာလှတစ်ယောက် "ဒီကောင်လေးဘာဖြစ်တာလဲ "
ဟုပြောလိုက်တော့ ဆရာဆိုသူက အာကာ့အနားကပ်သွားပြီး
"ဝိဉာဏ်နဲ့ခန္ဓာမကပ်တော့တာ အကြောက်လွန်သွားတယ်ထင်တယ်"
ဟုပြောပြီး ဘေးလွယ်အိပ်ထဲကနေ အမှုန့်အနည်းငယ်ထုတ်ယူကာ အာကာပါးစပ်ထဲထည့်လိုက်သည်။ ခွေလဲကျသွားသည့်အာကာကိုကားပေါ်ပွေ့ချီလာကာ
"မြန်မြန်မောင်းဗျာ အခြေအနေကဆိုးနေပြီထင်တယ် "
ဟုပြောလိုက်တော့ ဦးသာလှက
"သားလေးအခြေအနေဘယ်လိုလဲဆရာ"
"ခဏနေသတိပြန်ရလာလိမ့်မယ် မပူပါနဲ့" ဟုပြောနေတုန်း အာကာတစ်ယောက်လူးလွန့်ကာ သတိရလာပါတော့သည်။
"အားး မလုပ်ပါနဲ့ မလုပ်ပါနဲ့"
ဟုအော်ဟစ်နေတော့ ဦးသာလှက
"အာကာ အဖေပါငါ့သားရဲ့ "
ဟုပြောလိုက်တော့ အာကာက ကြည့်ပြီး "အဖေ သဲသူဇာကိုဖမ်းခေါ်ထားကြတယ်သူတို့"
ဟုပြောတော့ ဦးသာလှက
"ဟေ ဟုတ်လား ဒုက္ခပါပဲကွာ"
ဟုပြောပြီး
"ဆရာရယ် ကယ်ပါဦး "
ဟုပြောလိုက်တော့ အာကာ ကကြည့်ကာ "ဒါဘယ်သူလဲအဖေ "
ဟုမေးလိုက်သည်။ ဦးသာလှက
"အဖေသွားပြီးအလှူလုပ်တဲ့ရွာက ဆရာပဲ ဆရာတော်ကြီးအကူအညီတောင်းလို့ လိုက်ကူညီပေးတာ ဆရာအောင်မှိုင်းလို့ခေါ်တယ် "
ဟုပြောတော့ အာကာက
"သရဲတွေအများကြီးပဲဆရာ ကြောက်စရာကြီးတွေ တစ်ကောင်ကလက်ထဲမှာလှံကြီးကိုင်ထားတယ် အဲ့ဒီ့ကောင်ကျွန်တော့်ကိုအော်ပြီးမောင်းထုတ်တာ ဆရာ"
ဟုပြောလိုက်တော့ အောင်မှိုင်းက
" ညီလေးအရမ်းကြောက်သလား အကို့မှာ သရဲတွေနိုင်တဲ့လက်နက်ပါလာတယ်"
ဟုပြောလိုက်တော့
"လူလူချင်းဆိုရင်ဘယ်လိုဖြစ်ဖြစ်မကြောက်ဘူး သရဲဆိုတော့ ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတာ ကျွန်တော်ကိုလက်နက်ပေး ကျွန်တော်ပါချမယ် "
ဟုပြောတော့ အောင်မှိုင်းက ကားအတွင်းသယ်ဆောင်လာသည့် ဓားကိုထုတ်ပေးပြီး "ဒီဓားအနားကိုတော်ယုံသရဲတစ္ဆေမကပ်နိုင်ဘူး ဘယ်လောက်စွမ်းတဲ့သရဲဖြစ်ဖြစ် ဒီဓားနဲ့ဆိုမခံနိုင်ဘူး ညီလေး တစ်ခုတော့သတိထားပါ ညီလေးရဲ့သွေး ဓားမှာမပေပါစေနဲ့"
ဟုပြောလိုက်သည်။ ကားလေးကငြိမ့်ကနည်းရပ်သွားပြီး ခြံရှေ့တွင် အားလုံးဆင်းလိုက်ကြသည်။ အောင်မှိုင်းက ခြံထဲမဝင်သေးပဲ ခြံအပြင်ကနေ အတွင်းကိုကြည့်ကာ
"သရဲကတော်တော်စွမ်းနေပြီ အငြိုးတော်တော်ကြီးတဲ့သရဲပဲ ခြံဝန်းကအစ သူ့ပိုင်နက်ဖြစ်နေပြီ ဝင်ရင်သူ့အပိုင်ဖြစ်သွားမှာပဲ "
ဟုပြောလိုက်ပြီး ခြံတံခါးရှေ့တွင်ရပ်ကာ ခြံအတွင်းသို့စူးစိုက်ကြည့်ပြီး
"ငါအောင်မှိုင်း အမိန့်ပေးမယ် ဒီခြံထဲမှာဆိုးသွမ်းနေတဲ့ အငြိုးကြီးသရဲ အခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း "
ဟုပြောလိုက်တော့ ခြံတံခါးအတွင်းကနေ၍ အရိပ်မဲမဲကြီးတစ်ခုလာရပ်သည်။အောင်မှိုင်းကပြုံးပြီး
"ငါမင်းကိုခေါ်တာမဟုတ်ဘူး မင်းတို့ထဲကအကြီးဆုံးကောင်ကိုခေါ်တာ မလောက်လေးမလောက်စားနဲ့လာမလုပ်နဲ့" ဟုပြောလိုက်တော့ ထိုအရိပ်မဲကြီးပြန်ပျောက်ကွယ်သွားသည်။
အိမ်ကြီးအတွင်းတွင် နေမျိုးသူရတစ်ယောက် ဒေါသထွက်ကာ
"ဒီအောက်လမ်းကောင်မလွယ်ဘူး ငါ့လှည့်ကွက်ကိုသိတယ်။အရင်လူတွေတုန်းကလိုခြံထဲဝင်တာနဲ့ ဝင်လာတဲ့ထဲကတစ်ယောက်ကိုဖမ်းစားပြီး ငါ့ထောင်ခြောက်အတိုင်းလုပ်လို့မရတော့ဘူး "
ဟုရေရွတ်ကာ
"မောင်မင်းတို့ ဒေဝီသခင်မလေးကိုစောင့်လျှောက်ထားပါ "
ဟုပြောပြီးလှံရှည်ဆွဲကိုင်ကာ ထွက်လာခဲ့သည်။ တပည့်တစ်ကောင်က
" တပ်မှုးလေး သူတို့ပါလာတဲ့လက်နက်ကစွမ်းတယ် သတိထားပါ "
ဟုပြောတော့နေမျိုးသူရတစ်ယောက် ခေါင်းငြိမ့်ပြီး ခြံတံခါးအနီးသို့ထွက်ခွာလာလိုက်သည်။
ခြံဝင်းအတွင်းကနေ၍ လှံဖြင့်ချိန်ကာ
"ဟဲ့ငမိုက်သား ဘဇာကြောင့် ငါ့ကိုခေါ်တာလဲ သေမှာမကြောက်ဘူးလား "
ဟုမေးလိုက်တော့ အောင်မှိုင်းက ရယ်ပြီး "သရဲက ထီးသုံးနန်းသုံးစကားတွေလာပြောနေပါလား ဘယ်လိုကောင်လဲ"
"မောင်မင်းသိချင်ရင်ပြောပြရတာပေါ့"
ဟုပြောလိုက်ပါတော့သည်။
****** ****** ******
" တပ်မှုးလေး..တပ်မှုးလေး.. ရန်သူတွေဆုတ်ကုန်ပြီဘုရား.."
ဟူ၍ သွေးသောက်ကြီးငရဲ လှမ်းအော်ပြောသည်နှင့် မြို့ရိုးပေါ်သို့ရောက်ရှိနေသည့်ရန်သူတစ်ယောက်ကိုမြှားဖြင့်ပစ်ချကာ ရန်သူ့တပ်ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ပြီး အပြုံးပန်းပွင့်သွားလေရလေသည်။ စစ်ဖြစ်နေသည့်တစ်လအတွင်းမိမိစစ်သည်များမှာစစ်ပန်းနေကြနေပြီဖြစ်ပြီး ယခုကဲ့သို့ဆုတ်ခွာသွားပုံမှာ ရန်သူ့တစ်တပ်လုံးအပြီးတိုင်ဆုတ်ခွာသကဲ့သို့ရှိနေလေသည်။
ဟုအော်ဟစ်လိုက်တော့အဝေးမှာလှမ်းမြင်နေရသည့်မြစ်အတွင်းရှိဖောင်တော်ကြီးများပေါ်သို့အလုအယက်ပြေးတက်နေသည်မှာ ရန်သူအပေါင်းတို့ပင်ဖြစ်ကုန်ပါတော့သည်။ မိမိကျဆုံးရဲမက်တွေကိုပင်ကောက်ယူခြင်းမရှိပဲယခုကဲ့သို့ဆုတ်ခွာသည်မှာ အရေးအကြောင်းတစ်ခုခုရှိမှာပဲဟုတွေးနေတုန်း သွေးသောက်တစ်ယောက်က
" တပ်မှုးလေး မင်းတရားကြီးအခေါ်တော်ရှိနေတယ် ညီလာခံခန်းမမှာ တပ်မှုးအကုန်စုဖို့မိန့်လိုက်တယ် " ဟုပြောသည်နှင့် တပ်မှုးလေးနေမျိုးသူရတစ်ယောက် ဆောင်ဓါးကို ဓါးအိမ်ထဲသွင်းလိုက်ပြီး ညီလာခံရှိရာသို့အပြေးလေးသွားလိုက်သည်။
ခန်းမထဲဝင်လိုက်သည်နှင့် တပ်မှုးအပေါင်းက သူတစ်စု ကိုယ်တစ်စု တီးတိုးပြောဆိုနေကြတာကိုတွေ့မြင်လိုက်ရသည်။ မင်းတရားကြီးခန်းမထဲဝင်လာသည်နှင့် အားလုံးညီတူညာတူ ဒူးထောက်အရိုအသေပေးလိုက်ကြသည်။ ရာဇအိနြေ္ဒအပြည့်ဖြင့် မင်းတရားကြီးဝင်လာပြီး ခန်းမရှေ့ဆုံးသို့သွားကာ အောင်မြင်ခန့်ညားသော အသံဖြင့်
"တပ်မှုးအပေါင်းတို့ ငါတို့ရန်သူတွေဟာ တပ်ကိုစွန့်ခွာပြီး ရေကြောင်းဖြင့်စုန်ဆင်းထွက်ပြေးကုန်ကြလေပြီ ယခုညီလာခံက ရန်သူ့နောက်ကျောမှနေ၍လိုက်တိုက်သင့်မတိုက်သင့် ခေါ်ယူဆွေးနွေးရခြင်းဖြစ်တယ်" ဟုမိန့်လိုက်သည်နှင့် တပ်မှုးကြီးက
"အချက်နှစ်ချက်ကြောင့် တိုက်သင့်ပါသည်အရှင်မင်းတရားကြီး ပထမ အချက် ရန်သူက ရသမျှစုစည်းပြီး ဖောင်ဖြင့်ပြေးသွားသော်လည်း တပ်များရောထွေးနေသည့်အတွက် အုပ်ချုပ်မှု့အခက်အခဲကြောင့် ယခုချိန်လိုက်လဲတိုက်ခိုက်ပါက မုချမသွေအောင်ပွဲရမှာပါဘုရား ဒုတိယအချက်ကတော့ မိမိတို့စစ်သည်ရဲမက်များမှာ အောင်ပွဲရရှိထားသဖြင့်ရဲစိတ်ရဲမာန်တက်ကြွနေသည့်အတွက် အမြင့်မားဆုံးစိတ်ဓါတ်ကိုပိုင်ဆိုင်နေကြောင်းပါဘုရား နောက်ကနေလိုက်လံတိုက်ခိုက်ဖို့အမိန့်ပေးတော်မူပါအရှင်မင်းကြီးဘုရား"
ဟု လျှောက်လိုက်တော့ မင်းတရားကြီးမျက်နှာပြုံးရွှင်နေပါတော့သည်။ ကျန်တပ်မှုးများကလည်း တိုက်ခိုက်ဖို့ ပြောဆိုနေတုန်း သက်တော်ရှည်အမတ်ကြီးမှနေ၍ "အရှင်မင်းကြီးကိုကျွန်တော်မျိုးတစ်ခုလောက်လျှောက်တင်ပါရစေ ရန်သူ့ကိုအထင်မသေးသင့်ကြောင်းရှေးအဆက်ဆက်ကစာပေကျမ်းဂန်များတွင်ဖတ်ရှုလေ့လာခဲ့ဖူးပါသည် ယခုရန်သူမှာလည်း တိုက်ခိုက်ဖို့အင်အားအပြည့်အစုံရှိပါလျှက်နဲ့ တပ်ပြန်ဆုတ်သွားသည်မှာ အံ့သြဖွယ်ဖြစ်နေပါသည်အရှင်မင်းတရားကြီး မြို့တွင်းမှတပ်တွေမြို့ပြင်ထွက်အောင် ကြံဆောင်ခြင်းဖြစ်နိုင်ပါသည်အရှင်မင်းကြီး"
ဟူ၍လျှောက်လိုက်တော့ မင်းတရားကြီးက
"သက်တော်ရှည်အမတ်ကြီး သွေးနည်းရင် မြို့တွင်းမှာနေခဲ့ပါလော့ ငါကိုယ်တော်တိုင်စစ်ချီတော်မူမယ်မောင်မင်း"
ဟုမိန့်လိုက်ပါတော့သည်။ သက်တော်ရှည်အမတ်ကြီး ခေါင်းငိုက်စိုက်ဖြင့်နေနေပုံကိုနေမျိုးသူရတစ်ယောက်ကြည့်ကာ အဖိုးကဲ့သို့ပင်စိတ်ထဲတစ်ခုခုခံစားနေရလေသည်။ရန်သူ့တပ်ထဲတွင်မိမိတို့တပ်မှသစ္စာဖောက်တစ်ကောင်ခိုလှုံဝင်ရောက်ပြီးနောက်မှယခုကဲ့သို့ရန်သူ့တပ်ဆုတ်သွားသည်မှာ မတင်မကျဖြစ်စရာတစ်ခုဖြစ်နေသည်။သို့သော်မိမိကဲ့သို့တပ်မှူးငယ်လေးအဖို့အရှင့်နားတော်ပေါက်ရောက်အောက်ပြောဆိုနိုင်ခြင်းမရှိသည်ကိုတွေးမိပြီးတိတ်တဆိတ်သာငြိမ်သက်နေရသည်။
ညီလာခံပြီးစီးသည်နှင့် တိုက်စစ်အတွက်ပြင်ဆင်နေကြသော်လည်း တပ်မှုးလေးနေမျိုးသူရတစ်ယောက်ထံသက်တော်ရှည်အမတ်ကြီးရောက်ရှိလာပြီး
"မြေးတော်နေမျိုး မင်းတရားကြီးကတော့ဖြင့်ရန်သူ့လှည့်ကွက်ထဲသက်ဆင်းတော့မယ် မြို့စောင့်ဖို့ မြေးတော်ရဲ့တပ်တွေလောက်ပဲချန်ထားပြီး ရှိရှိသမျှတပ်အကုန်ထွက်တိုက်ဖို့ပြင်ဆင်တော်မူနေလေပြီ ရန်သူလှည့်ကွက်ထဲရောက်ရှိလျှင်တောင်မှ ရှုံးဖို့ရာလမ်းမမြင်ဘူးကွဲ့ အဘစိုးရိမ်တာက မင်းတရားကြီးတို့တပ်တွေထွက်သွားမှ မြို့ကိုထပ်မံလုပ်ကြံမှာကိုပဲစိုးထိတ်တော်မူတယ်ကွဲ့ "
ဟုပြောတော့ နေမျိုးသူရ က
"မြေးတော်ရဲ့အသက်ဇီဝိန်ကြွေပျက်မှသာလျှင် ရန်သူတို့မြို့ထဲခြေချနိုင်မည်ဖြစ်သောကြောင့်မထိပ်လန့်တော်မူပါနဲ့အဘိုး" ဟုပြောလိုက်သည်။ သက်တော်ရှည်အမတ်ကြီးကပြုံးပြီး
"အဘိုးမှာ အခုလို လက်ရုံးရည်နှလုံးရည်နှင့်ပြည့်စုံတဲ့မြေးသမက်လေးရထားတာဝမ်းမြောက်ပါတယ် "
ဟုပြောပြီး "မြေးမလေး ကိုယ်ဝန်အရင့်အမာဖြစ်နေတယ်ဆို ဟုတ်စ အဘိုးသွားကြည့်မယ်"
ဟုပြောကာ နှစ်ယောက်သား အိမ်တော်ကိုလျှောက်လှမ်းသွားပါတော့သည်။
စန္ဒာဒေဝီ တစ်ယောက် နေ့စေ့လစေ့ကိုယ်ဝန်အရင့်အမာနှင့်အိမ်တော်အဝကနေပန်းတွေတစ်ပွေ့တစ်ပိုက်ဖြင့်ထွက်လာသည်ကိုတွေ့လိုက်သည်နှင့် သက်တော်ရှည်အမတ်ကြီးက
" မြေးတော်လေးကဘယ်သွားမလို့လဲ"
ဟုမေးလိုက်တော့ စန္ဓာဒေဝီက
"ရန်သူတပ်တွေပြေးသွားပြီကြားလို့ဘိုးဘိုး ဘုရားမှာပန်းကပ်ချင်လို့ပါဘိုးဘိုးရဲ့"
ဟုပြောလိုက်တော့ သက်တော်ရှည်အမတ်ကြီးက
"ဘိုးဘိုးလဲလိုက်မယ်ကွယ့် စစ်မက်ဖြစ်ပွားနေတော့ ဘုရားဘက်တောင်မလှည့်နိုင်ဖြစ်နေတာ"
ဟုပြောပြီး မြေးအဘိုးသုံးယောက် မြို့ဦးစေတီဘက်သို့လှည့်လာခဲ့ပါတော့သည်။
မင်းတရားကြီးကမြို့စောင့်ရန် စစ်သည်ငါးထောင်မျှသာချန်ထားခဲ့ပြီး ကျန်တပ်တွေဖြင့်ရန်သူ့တပ်နောက်သို့ထပ်ကျပ်မခွာလိုက်လံတိုက်ခိုက်လေတော့သည်။ သက်တော်ရှည်အမတ်ကြီးအကြံပေးသည့်အတိုင်း နေမျိုးသူရတစ်ယောက် မြို့ရိုးပေါ်တွင် အစောင့်များသေသေချာချာစီမံထားသော်လည်း မြို့အတွက်သော်လည်းကောင်း မင်းတရားကြီးအတွက်သော်လည်းကောင်းရတက်အအေးပဲရှိနေရလေသည်။တစ်နေ့လျှင်ရှစ်ကြိမ်မျှ မြို့ရိုးအနှံ့လိုက်လံစစ်ဆေးကာ မြို့အနီးအနားသို့ကင်းထောက်အဖွဲများစေလွှတ်ပြီး ရန်သူ့သတင်းမပြတ်စုံစမ်းလျှက်ရှိသည်။စန္ဒာဒေဝီတစ်ယောက်လဲ ကိုယ်ဝန်အရင့်အမာကြီးဖြင့် အဘိုးသက်တော်ရှည်အမတ်ကြီးဦးစီးကာခင်ပွန်းနေမျိုးသူရတစ်ယောက်တည်ထားသည့်ဘုရားသို့နေစဉ်သွားကာ ဆုတောင်းနေရလေသည်။
နေ့တစ်နေ့၏လေးချက်တီးအချိန်တွင် ကင်းထောက်စေလွှတ်ထားသည့်ဗိုလ်မင်းများရောက်ရှိလာပြီး မြောက်ဘက်တော့အုပ်ထဲသို့စေလွှတ်သောတပ်ဖွဲ့များပြန်လည်ရောက်ရှိမလာကြောင်းသတင်းပို့ကြလေသည်။
( စာကြွင်း။ ။ မြန်မာနာရီတွင် တစ်ရက်လျှင်နာရီခြောက်ဆယ်ရှိပြီး နေ့ နာရီသုံးဆယ်၊ ညနာရီ သုံးဆယ်ဟူ၍သုံးနှုန်းသည်၊ တစ်နာရီလျှင် ယနေ့ခေတ် နာရီ၏ ၂၄မိနစ်ရှိသည်ဟုဖတ်ရှုလေ့လာဖူးပါသည်။နေ့လေးချက်တီးအချိန်ဆိုသည်မှာ ညနေခြောက်နာရီခန့်ဖြစ်ပါသည်။)
နေမျိုးသူရတစ်ချက်တွေဝေသွားပြီး
"အဘသက်တော်ရှည်အမတ်ကြီးတွေးထားတာဖြစ်နေပြီလားကွယ် "
ဟုရေရွတ်ကာ ဗိုလ်မင်းအပေါင်းကိုတပ်ပြင်ဆင်ထားဖို့အမိန့်ပေးလိုက်ပါတော့သည်။
ရောင်နီပျောက်လုလုအချိန်တွင်မြောက်ဘက် မြို့ရိုးမှနေ၍အချက်ပေးစည်သံထွက်ပေါ်လာခဲ့သည်။ တပ်မှုးလေးက အိမ်တော်ကနေ လက်နက်စွဲကာ မြင်းဒုန်းစိုင်းစီးပြီး မြောက်ဘက်မြို့ရိုးသို့အမြန်သွားလိုက်သည်။ မြို့ရိုးပေါ်ကလှမ်းမျှော်ကြည့်လိုက်တော့ တောအုပ်ထဲကနေ၍ ရန်သူ့တပ်များ အစီအရီထွက်ပေါ်လာသည်ကိုတွေ့မြင်လိုက်ရသည်။
"ဆက်သားမြန်မြန်စေစမ်း"
ဟု အမိန်ပေးလိုက်ပြီး မိမိ အနောက်ဘက်ရှိစစ်သည်ရဲမက်များကိုတစ်ချက်ကြည့်မိသည်။ အားလုံးသည်ကျောက်ရုပ်ကျောက်စိုင်အလား မားမားမတ်မတ်ရပ်တည်၍ သူ၏အမိန့်ကိုစောင့်မျှော်လျှက်ရှိနေကြသည်ကိုတွေ့လိုက်ရလေသည် ။ဓါးအိမ်အတွင်းမှာဆောင်ဓါးကိုထုတ်လိုက်ပြီး မြို့ရိုးအောက်ခြေရှိ စစ်သည်ရဲမက်များကိုကြည့်ကာ ခြင်္သေ့ဟိန်းသံနှင့်အလားတူသော အသံဖြင့်
"နောက်ဆုံးသွေးစက် မြေခသည်အထိ အသက်စွန့်တိုက်မယ်"
ဟုအော်ဟစ်လိုက်ပါတော့သည်။ စစ်သည်များလဲတစ်ခဲနက်အော်ဟစ်လိုက်ကြသည်။ စည်တော်တီးသည့်ရဲမက်က တိုက်စည်ကိုအချက်ကျကျတဒိန်းဒိန်း တီးခတ်နေပြီး စစ်သည်များမှာသွေးဆူလာပါတော့သည်။
ရန်သူကအလင်းရောင်ပျောက်သွားသည်နှင့်တရစပ်ထိုးစစ်စတင်သည်။ မြို့ရိုးနှင့်တောအုပ်ကြားကွင်းပြင်တွင် ပြည့်လျှံမတတ် လူအင်အားသုံးကာတိုက်သည်။ နေမျိုးသူရကလဲမြို့ရိုးအထက်ကနေ၍ ခုခံနေရင်းဟာကွက်မရှိအောင်အမိန့်ပေးလျှက်ရှိသည်။
မြို့ရိုးပေါ်သို့လှေကားထောင်ကာတက်လာသည့်ရန်သူ့စစ်သည်တစ်ယောက်ကို ဓါးဖြင့်ပိုင်းချလိုက်ပြီး မြို့တံခါးဝသို့ တိုက်ခိုက်နေသည့် ရန်သူများအပေါ်သို့ဆီပူများလောင်းချရန်အမိန့်ပေးလိုက်ရတော့သည်။လက်မောင်းတစ်ဖက်က ပူကနည်းဖြစ်သွားပြီး ရန်သူ့မြှားတစ်စင်းစူးဝင်သွားသည်ကိုခံစားလိုက်ရသည်။သန်းခေါင်ကျော်သွားခဲ့လေပြီး ရန်သူ့မီးမြှားတွေက တရစပ်မြှားမိုးရွာသကဲ့သို့ပစ်ခွင်းနေသော်လည်း မြို့ရိုးပေါ်ရှိတပ်သားများက အစွမ်းကုန်ကာကွယ်ရင်းခုခံနေရသည်။ ကျဆုံးစစ်သည်များကိုဆွဲဖယ်ကာ စစ်သည်များအစားထိုးဖြည့်တင်းရင်း သွေးအလိမ့်လမ့်ဖြင့် သွေးသောက်ကြီးငရဲ သူဘေးနားသို့ရောက်ရှိလာသည်။ လှံရှည်တစ်ချောင်းဖြင့် မြို့ရိုးပေါ်တက်ရန်ကြိုးစားနေသည့်ရန်သူကိုထိုးချကာ နေမျိုးသူရကို
"ရန်သူတွေကကုန်ကိုမကုန်နိုင်ပါလားရောင်းရင်းရယ် ကျုပ်စစ်သည်တွေလက်ပန်းကျနေပြီ လက်နက်တွေလဲကုန်တော့မယ် "
ဟုပြောလိုက်တော့ နေမျိုးသူရက "နောက်ဆုံးတစ်ယောက်ကျန်သည်အထိတိုက်ရမှာပဲ"
ဟုပြောကာ အားတင်းရင်းမြှားတစ်စင်းကိုရန်သူ့တပ်အတွင်းပစ်လွှတ်လိုက်သည်။ သွေးသောက်ကြီးငရဲက
"အလိုတပ်မှုးလေး မြှားထိထားပါလား"
ဟုပြောကာ လက်မောင်းကိုဆွဲယူကြည့်ပြီး "မြှားဆိပ်တက်မယ် ရောင်းရင်းရဲ့ သမားတော်ရှိရာသွားလိုက်ပါ"
ဟုပြောသည်။ နေမျိုးသူရ အံက်ုကြိတ်ကာ မြှားတံကို အရင်းကနေချိုးလိုက်ပြီး "တိုက်ပွဲပြီးမှ နားတော့မယ်ရောင်းရင်းရယ် ဓါးတစ်စင်းလူတစ်ယောက်အားလျော့လို့မဖြစ်ဘူး လိုအပ်တာတွေယူငင်ပြီး နေရာမှာတာဝန်ကျေပွန်အောင်ထမ်းဆောင်ပါ"
ဟုပြောလိုက်ပါတော့သည်။ လက်မောင်းကိုခေါင်းပေါင်းစဖြင့်တင်းတင်းချည်နှောင်လိုက်ပြီး လေးတစ်လက်ကိုင်ကာ ရန်သူ့တပ်ထဲမြှားတစ်စင်းပြီးတစ်စင်းပစ်ခတ်လျှက်ရှိနေသည်။
တိုက်ပွဲကပြင်းထန်လွန်းလှသည် ရန်သူဘက်ကလည်းမနားမနေထိုးစစ်ဆင်နေသလို နေမျိုးသူရတို့ကလည်း အသည်းအသန်ခုခံကာကွယ်နေရသည်။ မြို့ရိုးအပြင်ဘက်ကွင်းပြင်ထဲတွင်လဲအလောင်းကောင်များမြင်မကောင်းအောင်ဖြစ်နေပြီး ခုခံသူများမှာလဲ သေဆုံးဒဏ်ရာရသူများပြားလျက်ရှိနေသည်။
ရန်သူ့တပ်ကစစ်မျက်နှာသုံးခုဖွင့်ပြီး တိုက်ခိုက်နေသော်လည်း မြို့တံခါးများကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်ခြင်းမရှိသေးချေ။ သွေးသောက်ကြီးငရဲတာဝန်ယူထားသည့်မြို့ရိုးထံသို့ တစ်ချက်ငဲ့ကြည့်လိုက်တော့ ရန်သူ့တပ်က မြို့တံခါးကိုချိုးဖျက်နေသည့်လူအုပ်ကြီးကိုတွေ့လိုက်ရသည်။ ငရဲကလည်း မြို့ရိုးပေါ်ရောက်နေသည့်ရန်သူများကိုလက်မလည်အောင်ခုခံကာကွယ်နေရသဖြင့် မြို့တံခါးကိုချိုးဖျက်နေသည့်ရန်သူကိုဂရုမစိုက်အားဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
နေမျိုးသူရတစ်ယောက် ဆောင်ဓားကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင်း မြို့ရိုးတစ်လျှောက်ပြေးသွားလိုက်သည်။ မြို့တံခါးကို တိုက်ဖျက်နေသည့်အသံ နှင့်အတူ အားမာန်အပြည့်ဖြင့်အော်ဟစ်ပြီး ရန်သူလူအုပ်ကြားထဲခုန်ချတိုက်ခိုက်ပါတော့သည်။
စန္ဒာဒေဝီတစ်ယောက် စိတ်မငြိမ်မသက်ဖြင့်အိမ်တော်တွင်လမ်းလျှောက်နေရင်း ဝမ်းဗိုက်မှအောင့်လာသဖြင့်
"ရွှေစာရေ ရွှေစာ"
ဟုရံရွှေတော်ကိုအော်ခေါ်ကာ ထိုင်ခုံတွင်ထိုင်လိုက်သောအခါ ရွှေစာတစ်ယောက်ရောက်လာပြီး
"အလို သခင်မလေး ရေမွှာပေါက်နေပြီ "
ဟုပြောကာ အိပ်ခန်းတွင်းသို့သွင်း၍ မီးဖွားဖို့ပြင်ဆင်နေပါတော့သည်။
နေမျိုးသူရတစ်ယောက်ရန်သူ၏သွေးတို့ဖြင့်တစ်ကိုယ်လုံးရဲရဲနီကာ သရဲမရဲတိုက်ခိုက်သဖြင့်သူ့အနီးသို့မည်သူမှမကပ်ရဲကြပေ။ မြို့ရိုးပေါ်တွင်လဲ ရန်သူတွေရောက်ရှိကုန်ပြီး အပြင်းအထန်တိုက်ခိုက်နေသဖြင့်အရေးနိမ့်လျှက်ရှိသည်။မြို့တံခါးသာပွင့်သွားပါက မတွေးရဲလောက်အောင်ဖြစ်သွားမည်မှာအမှန်ပေ။ဆောင်ဓားကိုဝှေ့ယမ်းတိုက်ခိုက်နေရင်း ပိုက်ကွန်တစ်ခုက မိမိရရအုပ်မိသွားသည်။အားကုန်ရုန်းသော်လဲမည်သို့မှမစွမ်းသာတော့ပဲ ရန်သူ၏လက်ရဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့သည်။ မြို့ရိုးပေါ်ရှိရန်သူများကို သွေးသောက်ကြီးငရဲနှင့်တပ်သားများက အပြင်းအထန်တိုက်ခိုက်နေရင်းရန်သူတွေတပ်ဆုတ်သွားသည်နှင့်ကြည့်လိုက်တော့ ရန့်သူအုပ်ကြားထဲရှိပိုက်ကွန်တွင်ယက်ကန်ယက်ကန်ပါသွားသည့် တပ်မှူးနေမျိုးသူရကိုတွေ့လိုက်ရလေသည်။ ငရဲတစ်ယောက် မြို့တံခါးသို့ပြေးကာ
"ဖွင့်စမ်း အခုချက်ချင်းမြို့တံခါးဖွင့်စမ်းငါသွားကယ်မယ် တပ်မှူးလေးကိုကယ်မယ်"
ဟုအော်ဟစ်သော်လည်း မည်သူမှဖွင့်ပေးချင်းမရှိချေ။မိမိဘာသာတံခါးမင်းတုန်းကိုဖွင့်နေသည့်အချိန် အနာက်ဘက်မှနေ၍
"ဟဲ့အကောင်ငရဲ မောင်မင်းပြည်သူ့မျက်နှာကြည့်ပါဦးကွဲ့ "
ဟုပြောသံကြားရလိုက်ရတော့ ငရဲလှည့်ကြည့်လိုက်ပြီး
"ဘိုးဘိုးကြီး တပ်မှူးလေးကိုရန်သူတွေဖမ်းသွားပြီဘုရား ကြံပါဦး "
"မြို့တံခါးဖွင့်ပြီးသွားကယ်ရင် မြို့ပါကျသွားလိမ့်မယ်မောင်မင်း မင်းလဲနေမျိုးသူရအကြောင်းသိသားနဲ့ကွယ် ထွက်ကယ်ခိုင်းမယ်ထင်နေလား အခုချိန်ရန်သူတိုက်စစ်နားတုန်း ခံစစ်သေသေချာချာပြင်ဆင်ကွယ့်"
ဟူ၍ မတုန်မလှုပ်အမိန့်ပေးပါတော့သည်။
လမွန်းတည့်လေပြီ စန္ဒာဒေဝီတစ်ယောက် သမီးတော်လေးမျက်နှာကိုကြည့်ကာ
"မောင်တော့်ကိုအမြန်သတင်းပို့စမ်း သမီးတော်လေးဖွားမြင်တယ်လို့ "
ဟုပြောလိုက်တော့ ရွှေစာက
"သခင်မလေးအနားယူတော်မူပါဦး မနက်ရောင်နီလာရင် တပ်မှူးလေးကိုသတင်းပို့လိုက်ပါ့မယ်ဘုရား "
ဟုပြောလိုက်တော့ စန္ဒာဒေဝီက
"အခုပဲသတင်းပို့လိုက်ပါ မောင်တော်က သမီးတော်လေးမွေးဖွားတာကိုသိချင်ရှာမှာပဲ"
ဟုပြောနေတုန်းအိပ်ခန်းအပြင်ကနေ
"မြစ်တော်လေးကိုခေတ္တကြည့်ချင်တယ်ကွယ့်"
ဟူသော ဘိုးဘိုး၏အသံကိုကြားလိုက်ရသည်။ စန္ဒာဒေဝီလက်ကနေ၍ရွှေစာက ကလေးကိုပွေ့ယူပြီး အိပ်ဆောင်အပြင်ဘက်သို့ယူသွားသည်။ စန္ဒာဒေဝီက "ဘိုးဘိုးဘုရား မောင်တော်ရောပါသလားဟင် "
ဟုမေးလိုက်တော့
"မြေးတော်လေးသာ သက်သက်သာသာနေပါကွယ် မြေးသမက်လေးက ပြည်သူတွေအတွက်တိုက်ပွဲဝင်နေတယ်ကွယ့်"
ဟုပြောနေတုန်း အိမ်ရှေ့ကနေ တပ်သားတစ်ယောက်က
"ဘိုးဘိုးဘုရား ဘိုးဘိုးဘုရား ရန်သူတပ်တွေမလှမ်းမကမ်းရောက်ရှိနေပါပြီဘုရား တပ်မှူးလေးကို တပ်ဦးမှာတင်ထားသောကြောင့် မတိုက်ဝံပါအရှင်ဘုရား"
ဟုလျှောက်လိုက်တော့ စန္ဒာဒေဝီတစ်ယောက်ထိပ်ကနည်းဖြစ်သွားပြီး လှဲနေရာကနေ ထထွက်လာလိုက်သည်။ ရွှေစာက "သခင်မလေး သွေးနုသားနုနဲ့ထွက်မလာသင့်ဘူးသခင်မလေးရဲ့"
ဟုပြောတော့ သက်တော်ရှည်အမတ်ကြီးကမျက်နှာလွှဲကာနေလေသည်။ သတင်းလာပို့သောတပ်သားကိုစေ့စေ့ကြည့်ကာ "တပ်မှူးလေးကအဘယ်ကြောင့်ရန်သူ့တပ်မှာရောက်ရှိနေရသနည်း အခုပင်လျှောက်တင်လော့ "
ဟုမေးလိုက်တော့။ တပ်သားလေးက သက်တော်ရှည်အမတ်ကြီးကိုတစ်ချက်ကြည့်ကာ
"ညဦးယံမှာရန်သူတွေမြို့တံခါးဖျက်ဖို့လုပ်နေတုန်း တပ်မှူးလေးကရန်သူ့တပ်ကြားထဲအတင်ခုန်ချ တိုက်ခိုက်သဖြင့် မြို့တံခါးမပွင့်သော်လည်း တပ်မှူးကိုလက်ရဖမ်းဆီးသွားကြောင်းပါသခင်မလေး "
ဟုဖြေလိုက်သည်။ စန္ဒာဒေဝီ တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း
"ရန်သူတွေတက်လာပြီလား "
ဟုမေးလိုက်တော့ တပ်သားလေးက
"မှန်ပါ့သခင်မလေး ရန်သူ့တပ်က တပ်မှူးလေးကိုအကာအကွယ်ပြုပြီးထိုးစစ်ပြင်ဆင်နေပါတယ် မြို့ရိုးပေါ်မှရဲမက်တွေက လေးမြှားဖြင့်ပစ်ခက်ဖို့မရဲဖစ်နေကြောင်းပါ"
ဟုပြောတော့ သက်တော်ရှည်အမတ်ကြီးလက်ထဲမှနေ၍သမီးတော်လေးကိုယူငင်ကာ
" သမီးလေးရေ သမီးဖခင်က သမီးကိုလာရောက်ကြည့်ရှုဖို့မတက်နိုင်ဘူးဖြစ်နေတယ် မယ်မယ်တို့သွားကြည့်ရအောင်"
ဟုပြောပြီး နုနယ်လှသည့်မီးဖွားပြီးကာစလူနှင့်မလိုက်ဖက်စွာ မြို့ရိုးဘက်သို့ထွက်သွားပါတော့သည်။ သက်တော်ရှည်အမတ်ကြီးနှင့်ရွှေစာပါအနောက်ကနေလိုက်သွားပြီး မြို့ရိုးပေါ်ကနေကြည့်လိုက်တော့ နေမျိုးသူရကိုသစ်လုံးကြီးတစ်ခုတွင်ကြိုးများဖြင့်တုတ်နှောင်ကာ မြို့ရိုးထံသို့ မ ယူလာတာကိုတွေ့လိုက်ရသည်။ နေမျိုးသူရတစ်ယောက် ပါးစပ်ကနေပြီး
"ပစ်ကြဟမောင်မင်းတို့ မြို့အပါမခံနဲ့ "
ဟုအော်ဟစ်အမိန့်ပေးနေသော်လည်း
ဇာတ်သိမ်းပိုင်းဆက်ရန်ရှိသေးသည်။
နေလင်းရောင်(ဒဂုံမြေ)
Comments
Post a Comment