ဣဿာ မစ်ဆရိယ (စဆုံး)
" တောက်ကွာ..မိုက်ရိုင်းလိုက်တာ .. ဘယ်ဥကပေါက်တဲ့ကောင်တွေမှန်းမသိဘူး.."
အင်းသူကြီး ဘဦးတစ်ယောက် ဒေါသတကြီးဖြင့် ပြောဆိုနေလေသည်။ဘေးနားရှိ အင်းလုပ်သားများမှာ ဘယ်သူမှ စကားဝင်မပြောရဲပဲ အသာလေးကုတ်ကာနေရလေသည်။
ဦးဘဦးတစ်ယောက် တော်ယုံဒေါသမထွက်ပဲနေနိုင်သော်လည်း မိမိအင်းထဲသို့ ပိုတက်အဆိပ်များချသွားသဖြင့် ငါးများအတုံးအရုန်းသေနေသည်ကိုကြည့်ပြီး ဒေါသအလိတ်လိုက်ထွက်လာနေပေသည်။
" ညကစောင့်တဲ့အစောင့်တွေလာစမ်း.."
ဟူ၍ဒေါသအသံဖြင့်ပြောလိုက်တော့ လူသုံးယောက် သူ့အရှေ့သို့တိုးလာလေသည်၊။
" မင်းတို့ကောင်တွေ ရှိနေတာတောင် ငါ့အင်းမှာဒီလို့ဖြစ်တယ်ဟုတ်လား.."
" ဆရာရယ်.. အရင်ညတွေတုန်းက အဲ့လိုမဖြစ်ဖူးပါဘူး မနေ့ညကမှ ကျွန်တော်တို့သုံးယောက်.. ညသန်ခေါင်အချိန် နောက်ဆုံးတစ်ခေါက် ကင်းလှည့်ခဲ့ပါသေးတယ်.."
" အေး .. မင်းတို့ကိုပါမသတ်သွားတာ ကံကောင်းတယ်မှတ်.. ဒီတစ်ခါခွင့်လွှတ်လိုက်မယ်.."
ဟူ၍ ပြန်ဖြေသည့်လူကိုကြိမ်းမောင်းလိုက်လေသည်။ အင်းအလုပ်ဖြင့်တစ်သက်လုံး အလုပ်လုပ်လာခဲ့သမျှ ဒီတစ်ခါအဖြစ်အပျက်မှာ အလွန်ခံပြင်းစရာကောင်းလှပေသည် ငွေကြေးအလုံးအရင်းသုံးကာ ဒီမြစ်ကျိုးအင်းကြီးကိုလေလံအပြိုင်ဆွဲခဲ့ပြီးမှ ယခုလို အဖြစ်မျိုးဖြစ်ခဲ့ရသဖြင့် ရင်ထဲ ဒေါသအကြီးအကျယ်ထွက်နေလေတော့သည်။
ဘေးနားရှိ အင်းသားတစ်ယောက်ကိုကြည့်ကာ
" အခုချက်ချင်း ရွာထဲကိုသွား ..ဝက်တစ်ကောင်နဲ့ ချက်အရက် ငါးလုံး ဝယ်ခဲ့.. နောက်နေ့ငွေလာပေးမယ်ပြောလိုက် .."
ဟူ၍ပြောလိုက်ပြီး အင်းအစပ်ရှိ လုပ်သားများနားနေသည့်တဲအတွင်းသို့ ဝင်သွားလိုက်ပါတော့သည်။
ညနေစောင်းအချိန်တွင် သူမှာထားသည့် ဝက်တစ်ကောင်ကို အကောင်လိုက်မီးကင်ခိုင်းကာ အင်းတစ်နေရာတွင် ခုံတစ်လုံးဖြင့် အရက်ပုလင်းများကို တင်ထားလိုက်သည်။
ဝက်တစ်ကောင်လုံး တစ်နာရီခန့်စိတ်ရှိလက်ရှိကင်ပြီးမှ စားပွဲပြင်ဆင်ထားသည့်နေရာသို့ အငွေ့တစ်ထောင်းထောင်း အဆီတစ်ဝင်းဝင်းနှင့် ဝက်ကင်ကိုယူလာကာ ခုံပေါ်တွင် အရက်ပုလင်းများနှင့်အတူ တင်ထားလိုက်လေတော့သည်။
" မောင်စိုးတစ်ယောက်ပဲ ငါနဲ့နေခဲ့.. ကျန်တဲ့ကောင်တွေ ပြန်တော့ ..မနက်မှ အလုပ်ပြန်လာဆင်းတော့ .."
ဟူ၍ ဦးဘဦးတစ်ယောက်ပြောလိုက်သည်နှင့် အင်းလုပ်သားထဲမှာ ဗလတောင့်တောင့်လူတစ်ဦးထဲချန်နေခဲ့ကာ ကျန်လူများ နေရာမှနေ၍ထွက်ခွာသွားပါတော့သည်။
" မောင်စိုး.. မင်းကြောက်တက်လား.."
" မကြောက်တက်ပါဘူးဆရာ ..ကျွန်တော် သတ္တိရှိပါတယ်.."
"အေး အေး ..ကြောက်တက်ရင် ငါတစ်ယောက်ထဲနေမလို့ မင်းကိုမေးကြည့်တာ ..မကြောက်တက်တာကောင်းတယ်.. "
"ယောကျာ်းပဲ ကြောက်သွေးပါရင် ဖောက်ထုတ်လိုက်မယ် .."
ဟူ၍ မောင်စိုးကပြန်ပြောလေသည်။
ဦးဘဦးနှင့်မောင်စိုးတို့ ညကိုးနာရီ ခန့်အထိ ခုံနားတွင်ထိုင်နေပြီး ကိုးနာရီထိုးသည်နှင့် ဦးဘဦးက ထိုင်နေရာမှ ထလာကာ
" မောင်စိုး.. မင်းကြောက်ရင်တောင်ထွက်မပြေးနဲ့ မျက်စိမှိတ်ထား ..မင်းဘာမှမဖြစ်စေရဘူး ငါအာမခံတယ်.. ထွက်ပြေးရင်တော့မင်းထိုက်နဲ့မင်းကံပဲ ကြားလား .."
ဦးဘဦး၏စကားဆုံးသည်နှင့် မောင်စိုးဆိုသူက ထွက်မပြေးပါဘူး ဟူ၍ကတိပေးပြီး အင်းသူကြီး ဦးဘဦး လုပ်မည့်ကိစ္စကိုသာ စိတ်ဝင်တစားရှိနေလေသည်။
ဦးဘဦးက အရက်ပုလင်းများကိုဖွင့်ကာ ခုံရှေ့တွင် ထိုင်လိုက်ပြီး
" ရှိရှိသမျှအင်းများ..ကွင်းများကိုပိုင်စိုးသော အင်းသူကြီး စံဖဲကိုပင့်ဖိတ်ပါတယ်.. ရောက်ရာအရပ်ကနေ၍ မနှေးအမြန်ကြွရောက်တော်မူပါ.."
ဟူ၍ သုံးကြိမ် အော်ဟစ်တိုင်တယ်ပါတော့သည်။
ဦးဘဦးနှင့်မောင်စိုးတို့အခြေအနေကိုစောင့်ကြည့်နေတုန်း ငြိမ်သက်နေသောအင်းရေပြင်မှာ တစ်စတစ်စ လှုပ်ခက်လာလေတော့သည်။ မောင်စိုးက
" ဆရာ.. ဆရာ.. အင်းထဲကနေ မဲမဲအကောင်ကြီးထွက်လာပြီ .."
" အေး.. ငါမြင်တယ် မင်းငြိမ်ငြိမ်နေ.."
အင်းထဲကနေထွက်လာသည့်အရိပ်မဲမဲကြီးက ထန်းတစ်ပင်ခန့်ရှိသည်ကို ကြယ်ရောင်ဖြင့်နှစ်ယောက်သားမြင်တွေ့လိုက်ရလေသည်။ဦးဘဦး က
" ကွင်းပိုင်ကြီး မှန်ရင် စားပွဲ ကိုသုံးဆောင်ဖို့ပင့်ဖိတ်ပါတယ် ခင်ဗျ .."
အရိပ်မဲမဲကြီးက ရေထဲကနေအပေါ်တက်လာပြီး သူတို့အနားရောက်တော့ပျောက်ကွယ်သွားလေသည်။
မောင်စိုးက
" ဆရာ အရိပ်ကြီးမတွေ့တော့ဘူး .."
ဟူ၍ပြောလိုက်တော့ ဦးဘဦးက အရက်ပုလင်းများကိုမျက်စပစ်ပြလိုက်သည်။ အရက်ပုလင်းများထဲမှ နှစ်လုံးမှာ ကုန်နေပြီးဖြစ်ပြီး ကင်ထားသောဝက်မှာ ပေါင်တစ်ချောင်းမရှိတော့ချေ။ မောင်စိုးတစ်ယောက် ကြက်သည်းထသွားပြီး ဦးဘဦးအနောက်သို့မသိမသာ တိုးကပ်လိုက်သည် ။ဦးဘဦးက စားပွဲနေရာကိုကြည့်ပြီး
" ကွင်းပိုင်ကြီး ခင်ဗျာ.. ကျွန်တော့်အင်းထဲကငါးတွေအဆိပ်မိပြီး သေကုန်လို့ ကျွန်တော် ဘဝပျက်ရပါတော့မယ်.. ကွင်းပိုင်ကြီး ကူညီပါဦး.. မမြတ်ရင်တောင်အရင်းလေးတော့ရချင်ပါတယ် ။နောက်ထပ်စားပွဲတွေနဲ့ပူဇော်ပါ့မယ်ပသပါ့မယ် ကွင်းပိုင်ကြီးခင်ဗျာ .."
ဟူ၍ ပြောလိုက်ပါတော့သည်။
မောင်စိုးနှင့် ဦးဘဦး တို့ကြည့်နေရင်း အရက်များကုန်သွားသလို ဝက်ကောင်လုံးကင်မှာလဲပျောက်ကွယ်သွားပါတော့သည်။
ထို့နောက် အင်းရေပြင်ထဲသို့ အရိပ်မဲမဲကြီးပြန်ဝင်သွားသည်ကို ရိပ်ကနည်းတွေ့လိုက်ရတော့သည်။
ဦးဘဦးက မောင်စိုးကိုအသာလက်တို့ပြီး
" ပစ္စည်းတွေသိမ်းလိုက်တော့မောင်စိုး.. ငါတို့ပြန်ကြမယ်.."
မောင်စိုးတစ်ယောက် စားပွဲခုံကို မကာ တဲထံသို့ပြန်လာခဲ့တော့သည်။
ဦးဘဦးလဲ အိမ်ကိုမပြန်တော့ပဲ အင်းထဲရှိ တဲတွင်သာ ညအိပ်လိုက်ပါတော့သည်။
မနက်မိုးလင်းတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဦးဘဦး က
" ကျန်တဲ့အလုပ်သမားတွေကိုမြန်မြန်ခေါ် .. ငါတို့အင်းထဲသွားမယ်.."
ဟူ၍ပြောကာ ခပ်သုတ်သုတ်တဲအပြင်သို့ထွက်သွားလေသည်။
မောင်စိုးလဲ အင်းအလုပ်သမားတွေအကုန်စုခေါ်ကာ ဦးဘဦးအနောက်သို့ လိုက်ခဲ့လေတော့သည်။
မနက်ခင်းနေရောင်အောက်မှာ အင်းရေပြင်၏အလှကလွန်စွာလှပလေသည်။
ဦးဘဦးက အင်းရေအစပ်မှာ ခါးထောက်ကာကြည့်နေပြီး မျက်နှာကြီးပြုံးနေတာကို တွေ့လိုက်ရသည်။ မောင်စိုးနှင့်ကျန်အင်းလုပ်သားများအနားရောက်သောအခါ အားလုံးအံဩသင့်ကုန်ပြီး ပါးစပ်ကာနေ
" ဟာ.. အင်းထဲကရေတွေအရောင်ပြောင်းနေပါလား ထူးဆန်းလိုက်တာ.."
ဟူ၍ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြလေသည်
အင်းရေပြင်မှာ ဟိုဘက်တစ်ခြမ်းဒီဘက်တစ်ခြမ်း နှစ်ရောင်ကွဲနေလေသည်။
" ကဲ မောင်စိုး ကျန်တဲ့အလုပ်သမားတွေကိုခေါ်ပြီး ရေအရောင်အတိုင်း အင်းကိုနှစ်ပိုင်းခွဲလိုက် ..မြန်မြန်လုပ်ကြ ..နေမစောင်းခင်အပြီးလိုချင်တယ်.."
ဦးဘဦးပြောသည့်အတိုင်း မောင်စိုးနှင့်အလုပ်သမားများမှာ အင်းကို ကြားကနေ၍ ငုတ်တိုင်များစိုက် အကာအရံများပြုလိုက်ပြီးနှစ်ပိုင်းပိုင်းလိုက်ပါတော့သည်။
တစ်ပိုင်းမှာပုံမှန်ရေအတိုင်းရှိနေပြီးကျန်တစ်ပိုင်းရှိရေများမှာ မဲညစ်ညစ်အရောင်ဖြစ်နေလေတော့သည်။
လူသတင်းလူချင်းဆောင်သကဲ့သို့ သတင်းစကားမှာ ပျံနှံ့သွားပြီး တစ်ခြားအင်းသူကြီးများထံသို့ရောက်ရှိသွားလေသည်။
" ဘာ.. ဘဦးအင်းက မပျက်သွားဘူး ဟုတ်လား..
ငါသေသေချာချာ လုပ်ခိုင်းလိုက်တာကို မင်းတို့အသုံးမကျတာနေမယ် .."
ဟူ၍ ဦးဘဦးနှင့်အပြိုင်လေလံဆွဲသော ဦးခွေး ဆိုသူက သူ့တပည့်များကိုဆူပူကြိမ်းမောင်းလျှက်ရှိလေသည်။
သူ့တပည့်များက
" မဟုတ်ဘူးသူကြီး.. ကျုပ်တို့လဲအင်းတစ်ခုလုံးအနှံ့အဆိပ်တွေချခဲ့တာပဲ လူတွေပြောပုံအရဆိုရင် အဲ့ဒီ့အဆိပ်ကြောင့်အင်းထဲကငါးတွေအကုန်သေကုန်တာတဲ့ ..ညဘက်ကြီး ဦးဘဦးက ကွင်းပိုင်ကြီးကို စားပွဲကျွေးပြီး အကူအညီတောင်းလိုက်တာလို့ပြောတယ်..
သူ့ကံနဲ့သူပေါ့သူကြီးရာ.. ဒီနှစ်မအောင်ရင်နောက်တစ်ခါအောင်မှာပါ စိတ်မလျော့ပါနဲ့ .."
ဟူ၍ပြောဆိုသော်လည်း ဦးခွေးတစ်ယောက် မျက်နှာကြီးနီမြန်းပြီး နောက်ထပ်အကောက်ကြံဖို့တွေးတောနေပါတော့သည်။
" အရပ်ထဲမှာပြောနေကြတဲ့အတိုင်းဆိုရင် အင်းကိုတစ်ဝက်ခွဲထားတာတောင် ..အကောင်းဘက်တစ်ခြမ်းကနေ ငါးသလောက်တွေထထပြီးမြူးနေတာများ အားရစရာကြီးတဲ့ဗျာ.. ကျုပ်ကြားလာခဲ့တာ .."
ဟူ၍ အင်းလုပ်သားထဲမှတစ်ယောက်ကပြောသည်နှင့် ဦးခွေးက ပြုံးပြီး
" ငါးသလောက်တွေဟုတ်လား ..အဆိပ်ထပ်ချမယ် .. ဒီည ပြင်ထားလိုက်..
ဘဦး.. ဘဦး.. မင်းရဲ့အင်း မအောင်စေရဘူးစိတ်သာချ .."
ဦးခွေးတစ်ယောက် နာမည်နှင့်လိုက်အောင်ခွေးကျင့်ခွေးကြံ ကြံလေပြီ သူ့တပည့်အင်းလုပ်သားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
" သူကြီး ..ကျုပ်တို့မလုပ်ရဲဘူး သူကြီးရာ ..ဒီတစ်ခါတော့မခိုင်းနဲ့တော့.."
" ဘာကွ ..မင်းတို့မလုပ်ရဲဘူး ဟုတ်လား .. အေး ငါကိုယ်တိုင်လုပ်မယ် မင်းတို့မလုပ်ရဲရင်..
သွေးကြောင်ရင်ဘေးရှောင်နေကြ ငခွေးတဲ့ မရတဲ့အမဲ သဲနဲ့ပတ်ပြမယ်.."
ဟူ၍လက်သီးလက်မောင်းတန်းပြီးကြိမ်းမောင်းနေပါတော့သည်။
ဦးဘဦးတစ်ယောက် အိပ်ခါနီး ဘုရားရှိခိုးမေတ္တာပို့ကာ အိပ်စက်ဖို့ပြင်ဆင်နေပါတော့သည်။သက်ကြီးခေါင်ချချိန်လောက်တွင် အိမ်ရှေ့ကနေ၍ လူအများကြီးစုကာ
" ဆရာဘဦး ..ဆရာဘဦး.."
" ဟေ မောင်စိုးလား ..ဒီအချိန်ကြီး ဘာကိစ္စလဲကွ .."
ဟုပြောလဲပြော အိမ်တံခါးကို ဖွင့်ပေးလိုက်လေသည်။
မောင်စိုးနှင့်အတူ အင်းအစောင့်တွေအပြင် တစ်ကိုယ်လုံးရေတွေစိုရွှဲနေသော လူနှစ်ယောက်ကိုတွေ့လိုက်ရလေသည်။
" ဘာကိစ္စတုန်းမောင်စိုး ..သူတို့ကဘယ်သူတွေလဲ .." ဟုမေးလိုက်တော့ ရေတွေစိုရွှဲနေသည့် လူတစ်ဦးက ဇီးရွက်လောက်ရှိသည့်မျက်နှာလေးဖြင့်အသံများတုန်ရီကာ
" ဦးဘဦးရယ် ..ကျုပ်တို့မှားပါတယ် ..ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ ကျုပ်တို့က အင်းသူကြီးဦးခွေးရဲ့အလုပ်သမားတွေပါ ..အရင်တုန်းက အဆိပ်ချခဲ့တာလဲကျုပ်တို့ပါပဲ.. ဦးခွေးခိုင်းလို့လုပ်ရတာပါ.."
" ဘာကွ ..ငါ့အင်းကိုအဆိပ်ချတာ မင်းတို့လား.."
" ဟုတ် ..ဟုတ် ..ဟုတ်ပါတယ်ဗျာ ..ကျုပ်တို့ပါ ဒီတစ်ခါလဲ ဦးဘဦးအင်းကို ထပ်အဆိပ်ချဖို့ ဦးခွေးကိုယ်တိုင် ပါလာခဲ့ပါတယ်.."
" ဟေ ..ဟေ့ကောင်တွေ ဘာလုပ်နေကြတာတုန်း .. မောင်စိုး လူစုပြီးအင်းထဲသွားမယ် ခွေးမသားမောင်ခွေး သူများအင်းကိုဖျက်ဆီးဖို့ကြံတဲ့ကောင် ..ငါကိုယ်တိုင်သတ်မယ် အဲ့ကောင်ကို .."
ဟူ၍ပြောလိုက်တော့ မောင်စိုးက
" ဦးခွေးကိုသတ်စရာမလိုတော့ဘူး ဆရာ ..ဦးခွေးသေပြီ အရိုးတွေကျိုးပြီးသေနေတာ တွေ့ခဲ့တယ် ..ဒီလူတွေက အင်းစောင့်တဲဘက်ကို ရေကူးပြီးထွက်ပြေးလာလို့ ဖမ်းလာခဲ့တာ ..ကျွန်တော်တို့ သွားရှာတော့ အင်းဟိုဘက်အခြမ်းမှာ အဆိပ်ထုပ်တွေနားမှာ ဦးခွေး သေနေတာကိုတွေ့ခဲ့တယ်.."
ဟုရှင်းပြလေသည်။
ဦးဘဦးက ဖမ်းလာသည့်လူနှစ်ဦးကိုကြည့်ကာ
" ဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောပြစမ်း .."
" ဒီ ..ဒီလိုပါ ..ကျုပ်တို့သုံးယောက် ဦးဘဦးအင်းနားကို ညရှစ်နာရီလောက်ရောက်အောင် လာခဲ့ပါတယ် ..ကျုပ်တို့နှစ်ယောက်ကတော့အဆိပ်အိတ်တွေသယ်ပေးဖို့ပါ .. အဆိပ်ချဖို့က ဦးခွေးကိုယ်တိုင်လုပ်မယ်လို့ပြောပါတယ်..
အင်းကအစောင့်တွေ ပတ်ပြီးတဲ့အချိန်မှ ဦးခွေးက အဆိပ်အိတ်တစ်အိတ်ကိုဖောက်ပြီး အင်းထဲချဖို့လုပ်ပါတယ် ဗျ..
အဲ့ဒီ့အချိန်မှာ အဲ့ဒီ့အချိန်မှာ ပဲ
အင်းထဲကနေ မဲမဲအကောင်အကြီးကြီးတက်လာပြီး ဦးခွေးကို လက်နဲ့ဖမ်း ကမ်းပေါ်ပစ်လိုက်တာပါပဲဗျာ ..ကျုပ်တို့လဲ အရမ်းကြောက်ပြီး ဆက်ကြည့်နေတုန်း မဲမဲအကောင်ကြီးက ကမ်းပေါ်တက်လာခဲ့တယ် ..ပုံစံကလူပုံစံပဲဗျ ဦးခွေးက ပက်လက်လှန်ရင်း လက်နဲ့ကာပြီး မလုပ်ပါနဲ့ဗျာ မလုပ်ပါနဲ့ဆိုပြီး အော်နေတုန်း အရိပ်မဲမဲကြီးက ခြေထောက်နဲ့ နင်းချတော့တာပဲ ..ကျုပ်တို့လဲကြောက်ပြီး ကုန်းပေါ်ကလှည့်ပြေးရင် မြင်မှာဆိုးလို့ ရေထဲကနေငုတ်ပြီး အင်းစောင့်တဲ့ဘက်ကိုထွက်ပြေး အဖမ်းခံခဲ့တာပါ ဦးဘဦး ရယ် ..ကျုပ်တို့ကိုခွင့်လွှတ်ပါနော် .."
ဟူ၍ ရှည်လျှားစွာရှင်းပြပါတော့သည်။
" မင်းတို့ကိုငါကခွင့်လွှတ်လို့ရပါတယ်.. ဒါပေမယ့်တရားဥပဒေကခွင့်လွှတ်မှာမဟုတ်ဘူး ..အင်းထဲအဆိပ်ချတဲ့အမှုနဲ့ ရဲလက်သာအပ်လိုက်ပါတော့မောင်စိုးရာ ..နောက်ပြီး ရဲတွေပါတစ်ခါထဲအကြောင်းကြားလာခဲ့ ငါအင်းထဲလိုက်ကြည့်လိုက်ဦးမယ် .."
ဟူ၍ပြောကာ အင်းဘက်သို့တပည့်များနှင့်ထွက်လာခဲ့ပါတော့သည်။
အင်းတစ်ဘက်တွင်တော့ သူတစ်ပါးအကျိုးစီးပွားပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့် ဦးခွေး ဆိုသူမှာ အဆိပ်အိတ်များအနီးတွင် မျက်လုံးကြီးပြူးကာ တစ်ကိုယ်လုံးအရိုးတွေကြေမွနေပြီး အသက်သေဆုံးနေသည်ကိုတွေ့လိုက်ရပါတော့သည်။
ဦးခွေးကို ဘယ်သူသတ်သွားလဲဆိုတာကိုတော့ စာဖတ်သူတွေသာ တွေးတောကြည့်ကြပါတော့ခင်ဗျာ။ ။
နေလင်းရောင် (ဒဂုံမြေ)
Comments
Post a Comment