အောင်မှိုင်းနှင့်အငြိုးကြီးသရဲ( ဇာတ်သိမ်း)
မြို့ရိုးပေါ်ရှိစစ်သည်များမှာ လက်ထဲရှိလေးမြှားဖြင့်ပစ်ခက်ဖို့မရဲ ရှိနေကြသည်။ စန္ဒာဒေဝီက မြို့ရိုးပေါ်ကနေ
"မောင်တော်ဘုရား သမီးတော်လေးကိုကြည့်တော်မူပါဦး "
ဟုအော်ပြောလိုက်တော့ နေမျိုးသူရက စိုက်ကြည့်ပြီး
"ဒေဝီ အချစ် နောင်ဘဝမှပဲသမီးတော်လေးကိုမောင်တော်သေသေချာချာဂရုစိုက်တော့မယ် ဒီဘဝတော့ဂရုမစိုက်နိုင်တော့ဘူး သမီးတော်လေးကြီးလာရင်ပြောပြလိုက်ပါ နေမျိုးသူရဆိုတဲ့ခမည်းတော်က ပြည်သူကိုကာကွယ်ရင်းအသက်စွန့်သွားတယ်လို့ပြောပြလိုက်ပါကွယ် "
ဟုပြောပြီး စန္ဒာဒေဝီကိုစိုက်ကြည့်နေပါတော့သည်။ ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်ပြီး လက်ထဲရှိသမီးတော်လေးကို သက်တော်ရှည်ဘိုးဘိုးလက်ထဲထည့်ကာ ဘေးနားရှိရဲမက်တစ်ဦးထံမှာ လေးနှင့်မြှားကိုယူငင်၍ အားတို့စုစည်းပြီး လေးတော်တင်လိုက်သည်။ ရွှေစာ သက်တော်ရှည်အမတ်ကြီးနှင့် သွေးသောက်ကြီးငရဲ တို့က စန္ဒာဒေဝီတစ်ယောက်ပြုမူနေသည်ကိုဝင်ရောက်တားဆီးချင်းမပြုပဲ မမှိတ်မသုန် ကြည့်နေပါတော့သည်။ မျက်ဝန်းအိမ်မှ စီးကျလာသည်မျက်ရည်တို့နှင့်အတူ လေးညို့ကနေထွက်ခွာသွားသည့်မြှားတံကိုကြည့်နေရင်းမြှားတံက မောင်တော်နေမျိုးသူရ၏ဘယ်ဘက်ရင်အုံထဲကိုစူးနစ်ဝင်သွားကာ ခေါင်းငိုက်ကြသွားသည်ကိုတွေ့လိုက်ရပါတော့သည်။ မြို့ရိုးပေါ်ရှိစစ်သည်များမှာ သတ်ကွင်းထဲပိုင်ပိုင်နိုင်နိုင်ရောက်နေသည့်ရန်သူ့တပ်ကို မြှားမိုးရွာချပေးလိုက်ပြီး တရစပ်ပစ်ခတ်နေပါတော့သည်။ စန္ဒာဒေဝီတစ်ယောက် မျက်ဝန်းထဲမျက်ရည်တွေပြည့်လျှံနေသော်လည်း သက်တော်ရှည်ဘိုးဘိုးကိုကြည့်ပြီး
"မြစ်တော်လေးကိုဂရုစိုက်ပေးပါဘိုးဘိုး" ဟုပြောကာမြို့ရိုးပေါ်ကနေခုန်ချသွားပါတော့သည်။
ကျွန်တော့်အဖြစ်ကအဲ့ဒါပါပဲ ရန်သူ့ဘုရင်ကသစ်ပင်ကိုခုတ်သစ်လုံးလုပ်ပြီးကြိုးတုတ်ထဲက ငါ့အမိန့်မရပဲပြန်မလွှတ်နဲ့ ဆိုပြီးမိန့်ခဲ့လို့ မင်းမိန့်နဲ့ ချုပ်မိသလိုဖြစ်နေခဲ့တာ။ ရန်သူတပ်တွေပြန်ဆုတ်ခွာသွားတော့ကျုပ်ရဲ့ရုပ်အလောင်းပါယူသွားပြီး မြစ်အတွင်းမြှောလိုက်တယ် မြစ်ရိုးအတိုင်းမျောပါသွားပြီး အောက်ပြည်အောက်ရွာမှာရောက်တော့ မြစ်ကွေ့တစ်နေရာမှာသစ်လုံးကတင်ကျန်နေခဲ့တယ် ကျုပ်ခန္ဓာကိုယ်ကလဲအရိုးစုပဲကျန်နေတာပေါ့ သစ်လုံးကနုန်းမြေမှာအမြစ်တွယ်ပြီးအပင်အဖြစ်ပြန်ပေါက်လာခဲ့တယ်။ကျုပ်အရိုးစုကိုလဲတစ်ဖြည်းဖြည်းနဲ့သစ်ပင်ကဝါးမြိုရင်းကြီးထားလာခဲ့တာပေါ့ ရန်သူ့နယ်မြေထဲရောက်နေမှန်းသိပေမယ့် ကျုပ်ကိုချုပ်ထားတဲ့အတွက်ကြောင့် ဘာမှလုပ်လို့မရခဲ့ဘူး။တစ်နေ့ရောက်တော့ လူတစ်ယောက်သစ်ပင်ကိုလာခုတ်လှဲခဲ့တယ် ပင်စည်ကို အိမ်တိုင်အဖြစ်လုပ်ပြီး ဆောက်ခဲ့တယ်။ကျုပ်ရဲ့အရိုးတွေကိုဝါးမြိုထားတဲ့ပင်စည်ကိုအိမ်တိုင်လုပ်ပြီးဆောက်ခဲ့တဲ့အိမ်က ဒုတိယကမ္ဘာစစ်မှာဗုံးကြဲခံရလို့ပျက်စီးသွားတယ်။ စစ်ကြီးပြီးတော့ လူတွေက အိမ်ယာတွေပြန်ဆောက်လုပ်တဲ့အချိန်မှာ ကျုပ်ဝိညာဉ်စွဲကပ်နေတဲ့သစ်လုံးကြီးကို လေးစိတ်စိတ်ပြီး ယခုအိမ်ကြီးကိုပြန်ဆောက်ခဲ့တယ် အုတ်တွေကြားမှာအိမ်တိုင်အနေနဲ့ထည့်ဆောက်ထားတဲ့အတွက်ကြောင့် ဒီအိမ်ကြီးကကျုပ်ပိုင်နက်ပဲ အိမ်ကိုလူတွေအများကြီးလာနေကျတယ် ကျုပ်ကအရင်ဘဝတုန်းက ဘုရားတည်ကျောင်းဆောက်လုပ်ခဲ့တော့ ယခုဘဝမှာ အစွမ်းတွေရရှိထားတယ် ။စားသောက်စရာအတွက်မပူပန်ရပေမယ့်ချုပ်ထားတဲ့ဘဝကနေမလွတ်နိုင်ခဲ့ဘူး။ တစ်ရက်ကြတော့ လူတစ်ယောက်ရောက်လာတယ် သူကရာထူးကြီးကြီးမားမားထဲကပဲ သေရည်သေရက်အရမ်းသောက်စားတယ် အပျော်အပါးလဲအရမ်းမက်တယ် မူးနေတဲ့ညတစ်ညမှာ သူခေါ်ယူပျော်ပါးနေတဲ့ကောင်မလေးနဲ့စကားများပြီး သူ့နှုတ်ကနေ သွားကြသွားကြ ငါကချုပ်နှောင်မထားဘူး လွတ်ရာကျွတ်ရာသွားကြ လွတ်လပ်ပြီလို့သဘောထားကြ ဆိုပြီးပြောလိုက်တာ နှုတ်မိန့်ပေးသလိုဖြစ်ပြီးကျုပ်ကိုချုပ်ထားတဲ့ကြိုးတွေပျောက်ကွယ်သွားတယ်။ကျုပ်လွတ်မြောက်သွားတယ်ဆိုပါတော့ ကျုပ်ရဲ့အဆောင်အရောင်တွေလဲပေါ်လာခဲ့တယ်။အောက်ပြည်အောက်ရွာဆိုတာကျုပ်အတွက်ရန်သူ့နယ်မြေပဲ ကျုပ်ဂလဲ့စားခြေဖို့ဆုံးဖြတ်လိုက်တယ်။ပိုင်နက်ထဲဝင်လာသမျှအကုန်လုံးကျုပ်ကသတ်မှာပဲ အဲ့ဒီ့တော့ခင်ဗျားတို့လဲမသေချင်ရင်ဝင်မလာနဲ့ အသက်အပိုရှိမယ်ထင်ရင်ဝင်လာခဲ့ပါ ကြိုဆိုနေပါတယ်။
အာကာက
"သဲသူဇာအသက်ရှိသေးလား "
ဟုမေးလိုက်တော့ နေမျိုးသူရက
" ငါ့ဒေဝီကို ငါမသတ်ပါဘူး ဒါပေမယ့် အတိတ်ဘဝကိုပြန်သတိရအောင်လုပ်ထားတယ် သူက စန္ဒာဒေဝီ ဝင်စားထားတာ ငါ့ကြင်ရာတော်ပဲ "
ဟုပြောလိုက်တော့ အောင်မှိုင်းက
"အခုဘဝမှာ မင်းနဲ့မဆိုင်တော့ဘူးလေ ကောင်မလေးကိုပြန်လွှတ်လိုက်"
ဟုပြောလိုက်တော့
" ငါ့ကိုနိုင်ရင်ပြန်လွှတ်ပေးမယ်"
ဟုပြောပြီး "သတ္တိရှိရင်ခြံထဲဝင်ခဲ့"ဟူ၍စိန်ခေါ်ပါတော့သည်။
ဦးသာလှက အာကာ့လက်ကိုလှမ်းဆွဲသော်လည်း အာကာက
"အဖေ သား သဲသူဇာကိုကယ်မှဖြစ်မယ် လွှတ်ပေးပါ"
ဟုပြောပြီ အောင်မှိုင်းပေးထားသည့် ဓားကိုကိုင်ကာ ခြံဝင်းတွင်းသို့ဝင်သွားပါတော့သည်။
နေမျိုးသူရက တပ်မှုးပီပီ လှံတံကို အသင့်ပြင်ရင်း
" ကလေး မင်းအသက်ကငါပိုင်သွားပြီ ဒါပေမယ့်ငါကိုနိုင်အောင်တိုက် စတော့"
ဟုပြောကာ အာကာစတိုက်မည်ကိုမျက်တောင်မခတ်စောင့်ကြည့်နေလေသည်။ အာကာက ဓားကိုဝင့်ကာ ဝင်ပိုင်းသည် လှံဖြင့်ပက်ထုတ်လိုက်ရင်း နေမျိုးသူရက အာကာ့ကျောကုန်းကိုလှံရိုးဖြင့်ရိုက်ချပြီး မျက်နှာချင်းဆိုင်လိုက်ကာ ဝမ်းဗိုက်ကိုလှံသွားဖြင့်လှမ်းထိုးလိုက်သည်။ အာကာတစ်ယောက်အသည်းအသန်ရှောင်တိမ်းလိုက်ရပြီး ဓားဖြင့်ဦးခေါင်းကိုလှမ်းခုတ်သည်။ လရောင်အောက်မှာလူသားနှင့်သရဲတို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြလေသည်။ အိမ်အပြင်ဘက်မှ ဦးသာလှ ကအာကာ့ကိုစိုးရိမ်တစ်ကြီးကြည့်နေသလို့ အိမ်ပေါ်ထပ်မှနေ၍ နေမျိုးသူရ တပည့်သရဲများကလည်း စိတ်လှုပ်ရှားစွာကြည့်နေကြလေသည်။ ထူးထူးခြားခြားသဲသူဇာတစ်ယောက်သာ ဘယ်သူ့ကိုစိုးရိမ်လို့ဘယ်သူ့ကိုအားပေးရမှန်းမသိလောက်အောင် ဖြစ်နေရလေသည်။ ဘဝဟောင်းကခင်ပွန်းသည်သရဲကိုပဲအားပေးရမည်လား လူ့ဘဝက ချစ်သူကိုပဲစိုးရိမ်ရမည်လား ဟူ၍ ဒွိဟဖြစ်နေရလေသည်။
စိတ်ကအရမ်းလှုပ်ရှားပြီးကြည့်နေတုန်း အာကာခြေတစ်ချက်အမှားတွင် နေမျိုးသူရ က လှံအရိုးဖြင့် ဓားကိုအားကုန်ရိုက်လိုက်သည်။" ဖြောင်း"ကနည်းမြည်ပြီး အောင်မှိုင်း၏ ဓားမှာ လက်ကိုင်ကနေကျွတ်ထွက်သွားပြီး အိမ်ဘက်သို့လွင့်စင်သွားပါတော့သည်။အာကာတစ်ယောက်လန့်ကာ လက်ထဲရှိ ဓားရိုးဖြင့်နေမျိုးသူရကိုလှမ်းပေါက်လိုက်သော်လည်း အသာအယာရှောင်တိမ်းရင်း တဟားဟားအော်ရယ်ကာ အာကာ့ကိုကြည့်နေရင်း "ကောင်လေး မင်းရှုံးပြီ မင်းကိုငါသတ်ရမယ်"ဟုပြောပါတော့သည်။ ခြံအပြင်ဘက်က ဦးသာလှနှင့်အောင်မှိုင်းပြေးဝင်လာကာ
တားမြစ်ဖို့လုပ်သော်လည်း နေမျိုးသူရမှာ လှံဖြင့်ထိုးချိန်ရင်း အားကုန်ထိုးစိုက်ပါတော့သည်။ အာကာတစ်ယောက် လက်ဖြင့်ကာရင်း သေပြီဟုတွက်လိုက်တုန်းမှာ နေမျိုးသူရတစ်ယောက်ကျောဘက်မှနေ၍ရင်ဝထိ ထုတ်ခြင်းပေါက်ထွက်လာသည့် ဓားဦးကို တွေ့လိုက်ရပါတော့သည်။
ဦးသာလှ၊အာကာနှင့်အောင်မှိုင်းတို့ အံအားသင့်သွားပြီး နေမျိုးသူရမှာ တစ်ဖြည်းဖြည်းမီးလောက်ကျွမ်းရင်းပျောက်ကွယ်သွားပါတော့သည်။ လက်ကိုင်မရှိတော့သည့် ဓားကို လက်နှစ်ဖက် ဖြင့်စုံကိုင်ရင်း မျက်လုံးမှိတ်ကာကိုင်ထားသည့် သဲသူဇာကိုတွေ့လိုက်ရပါတော့သည်။ မျက်ဝန်းအိမ်မှမျက်ရည်တို့စီးကြနေရင်း သဲသူဇာတစ်ယောက် နှုတ်ခမ်းဖျားကနေ
"နောက်ဘဝမှ မောင်တော့်အနားကမခွာပဲနေပါတော့မယ် မောင်တော်ရယ်"
ဟုရေရွတ်ရင်း နေရာမှာပင် ဒူးထောက်ကြသွားပါတော့သည်။ အောင်မှိုင်းကသဲသူဇာကိုပြေးထူးရင်း လက်ထဲကဓားကိုကြည့်ကာ
"ဓားမှာညီမသွေးစွန်းသွားပြီကွယ် ဖြစ်မှဖြစ်ရလေ"
ဟုရေရွတ်ရင်းအိမ်ကြီးကိုကြည့်လိုက်တော့ အိမ်ပေါ်ထပ်မှသရဲအပေါင်းမှာ အခိုးအငွေ့များအဖြစ်ပျောက်ကွယ်သွားပါတော့သည်။
ဦးသာလှကို အောင်မှိုင်းကကြည့်၍
" ဦးလေး နောက်ရက်မှာ ဒီအိမ်ကြီးကိုဖြိုဖျက်ပြီး မီးပုံရှို့လိုက်ပါ ပြာတွေကိုမြစ်ထဲမျှောလိုက်ပါ"
ဟုပြောရင်း လက်ကိုင်မရှိတော့သည့် ဓားကိုကိုင်၍ ဓားအိမ်ထဲပြန်ထည့်ပြီး ကားပေါ်တက်ထိုင်လိုက်ပါတော့သည်ခင်ဗျာ ။ ။
နေလင်းရောင်(ဒဂုံမြေ)
Comments
Post a Comment