အောင်မှိုင်းနှင့်အငြိုးကြီးသရဲ(အပိုင်း ၁)



" ဟေ့ကောင်စိုးထိုက် ..မင်းရတဲ့သတင်းက သေချာရဲ့လားကွာ..ငါတော့လန့်တယ်နော် "ဟု မြတ်မင်းကပြောလိုက်သည်နှင့် ခွက်ထဲရှိလက်ကျန်အရက်ကိုမော့လိုက်ကာ တစ်ဝိုင်းလုံးရှိလူများကိုကြည့်လိုက်သည်။
" မသေချာရင်ပြောပါ့မလားကွ မင်းတို့ကလဲ..ငါသေသေချာချာစုံစမ်းထားတာ.. ဟိုတစ်လော ငါတို့ခြံသွားရှင်းတုန်းက တွေ့တဲ့လူကြီးလေ ..အဲ့လူကြီးကသရဲတစ္ဆေတွေနိုင်တယ်ပြောတယ်ကွ ..သူလာလိမ့်မယ်ခဏနေကြရင် အဲ့ကျမှမင်းတို့သိချင်တာဆက်မေးပေါ့ .."
ဟု ပြောပြီးအမြည်းတစ်ဖက်ကိုယူစားလိုက်သည်။
စိုးထိုက်၊မြတ်မင်း၊အောင်ပုနှင့်ဘအေးတို့မှာ ပဲခူးမြို့ပေါ်တွင်ခိုးဆိုးလုနှိုက်စာရင်းဝင်သူများဖြစ်သည်။ ယခုလဲ စိုးထိုက်က သူကြားထားသည့်သတင်းစကားကိုအရက်ဆိုင်တွင်ပြန်လည်ဖောက်သည်ချနေခြင်းဖြစ်သည်။ တစ်မြို့လုံးနာမည်ကြားသည်နှင့်ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်နေသည့် အိမ်ကြီးတစ်လုံးအတွင်းသို့ခိုးဝင်ရန်ကိစ္စတိုင်ပင်နေကြသည်။ သရဲနိုင်သည်ဟုပြောသည့်လူရောက်လာမှဆုံးဖြတ်ကြမည်ဖြစ်ပြီး ယခုတော့လေးယောက်သား အရက်တစ်လုံးပြီးတစ်လုံးသောက်ကာ စောင့်မျှော်နေကြသည်။ လူကြီးတစ်ယောက်ကသူတို့ဝိုင်းကိုဝင်ထိုင်လိုက်တော့ စိုးထိုက်က စတင်ပြီး
" ဒါငါပြောတဲ့သရဲနိုင်တယ် ဆိုတဲ့ဆရာပဲ ..ဦးဘဒင်လို့ခေါ်တယ် .."
ဟူ၍မိတ်ဆက်ပေးလိုက်တော့ ဦးဘဒင်က

" သရဲနိုင်ဘဒင်ဆိုတာငါပဲ "
" အခုငါသွားမယ့်အိမ်မှာ နှစ်ချို့သရဲကြီးတစ်ကောင်ရှိတယ် ..အိမ်ပိုင်ရှင်အဆက်ဆက်မနေနိုင်အောင်ခြောက်လှန့်လာခဲ့တာအခုထိပဲ ပေတေပြီးနေရင်လဲသူကသတ်ပစ်တာ ..တော်တော်ဆိုးတဲ့သရဲဖစ်နေပြီ.. ငါကအဲ့ဒီသရဲကိုဖမ်းမှာ မင်းတို့ကအိမ်ထဲကရတနာပစ္စည်းတွေကြိုက်တာယူခွင့်ရှိတယ် ..ဘယ်လိုသဘောရလဲ .."

ဟုပြောလိုက်တော့ အောင်ပုက

" ဘယ်လိုလုပ်မယ်ဆိုတာပြောပြလေ ကျုပ်တို့ကဘာလုပ်ပေးရမှာလဲ "

ဟုပြန်မေးလိုက်သည်။ ဦးဘဒင်က

" အေး ..ငါတို့အိမ်ထဲဖောက်ဝင်မယ် .. ဧည့်ခန်းမှာရှိတဲ့စစ်သူကြီးရုပ်ထုအထဲမှာသရဲကခိုကပ်နေတ. . မင်းတို့ကိုချည်မန်ကွင်းပေးပြီး အရုပ်မှာစွပ်ခိုင်းမှာ ကျန်တာငါ့ကိစ္စပဲ ..ငါမခိုင်းပဲဘာမှမလုပ်နဲ့ .."
" အဲ့ဒါဆိုရပြီလား "
" အေး..ရပြီ ငါ့စည်းဝိုင်းထဲကနေအပြင်မထွက်နဲ့ ကျန်တာသဘောပဲ .."

ဟုပြောလိုက်တော့ အောင်ပုက

" ကြိုက်ပြီ ..ဒါမျိုးစောင့်နေတာ .. ရတနာတွေရှိတာသေချာလား .."

" ငါရထားတဲ့သတင်းအရဆိုရင် သူဌေးအဆက်ဆက်ကချန်ထားတဲ့ရတနာတွေရှိတာသေချာတယ် "
" ငါကသရဲကိုဖမ်းပြီးခိုင်းစားဖိုပဲ ကျန်တာစိတ်မဝင်စားဘူး ..ဘယ်လိုလဲ .." ဟုမေးလိုက်သည်။စိုးထိုက်တို့လူစုက ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်ကာ
" ဘယ်နေ့လုပ်ငန်းစမလဲ "
ဟုမေးလိုက်တော့ ဦးဘဒင်က ခုံကိုလက်ဝါးဖြင့်ရိုက်ကာ
" ဒီညပဲစမယ် .."
ဟုဖြေလိုက်ပါတော့သည်။အားလုံးသဘောတူသည်နှင့် ခွက်များကိုအသီးသီးမြှောက်ကာ အောင်မြင်ပါစေဟုအော်ဟစ်၍ အရက်များမော့သောက်လိုက်ပါတော့သည်။

ပြည်ကျော်ဟိန်းစံအိမ်
စံအိမ်နာမည်ကြားသည်နှင့်လူအများနှာခေါင်းရှုံ့ကြသည်အထိဖြစ်သွားလောက်အောင်သတင်းကြီးသောစံအိမ်တစ်ခုဖြစ်သည်။ စတင်ဆောက်လုပ်တုန်းက လူအများငေးမောရလောက်သည်အထိ ခမ်းနားထည်ဝါအောင်ဆောက်လုပ်ခဲ့ပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းကာထိန်းသိမ်းလာခဲ့သည့်အိမ်ကြီးအိမ်ကောင်းစာရင်းဝင်လေသည်။ သို့သော် တရားသူကြီးဦးဘကောင်းလက်ထက်မှ မည်သို့ဖြစ်သည်မသိရပဲ ဦးဘကောင်းကိုယ်တိုင်သေဆုံးခဲ့ရသလို အိမ်တွင်အလုပ်လုပ်သည့် အိမ်ဖော် မာလီ ခြံစောင့်များမကျန် အသေဆိုးဖြင့်သေခဲ့ရလေသည်။ ဦးဘကောင်း၏ညီဖြစ်သူ ဦးသာလှ လက်ထက်တွင်ပင် အိမ်ကြီးကိုရောင်းချဖို့အကြိမ်ကြိမ်ကျိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ နောက်ဆုံး စံအိမ်၏ပိုင်နက်ထဲဝင်သွားသည့်လူမှန်သမျှ တစ်နည်းနည်းဖြင့်သေဆုံးကုန်ရသဖြင့် သော့ခက်ကာ ပိတ်ထားခဲ့ရလေသည်။ ယခုမူကား သရဲနိုင်ဘဒင်ဆိုသည့်လူနှင့် လူရှုပ်လူပွေလေးဦးပေါင်းမိကာ ထိုစံအိမ်ကြီးသို့ဖောက်ဝင်ရန်တိုင်ပင်နေကြသည်ဖြစ်ပါတော့သည်။

ဘဒင်က ခြံတံခါးအရှေ့တွင်ရပ်လိုက်ပြီး စိုးထိုက်တို့လူစုဘက်လှည့်ကာ

" အိမ်ထဲရောက်တာနဲ့ ရုပ်ထုလည်ပင်းကိုပြေးစွပ်ကွာ .. အဲ့ဒါဆို အဆင်ပြေပြီ ..ငါအစီအရင်လုပ်ပြီးတာနဲ့ မင်းတို့သဘောရှိကြိုက်သလိုသာလုပ်တော့ .."

ဟုပြောကာ ခြံတံခါးကိုကျော်ဝင်လိုက်သည်။

အောင်ပုနှင့်မြတ်မင်းကအနောက်ကနေလိုက်ခုန်ကျော်သွားပြီး စိုးထိုက်နှင့်လူအေးက နောက်ဆုံးမှဝင်သည်။ ခြံစည်းရိုးကသိပ်မမြင့်သော်လည်း စိုးထိုက်ကအသာအယာရောက်သွားပြီး လူအေးမှာ မည်သည့်အရာနှင့်ညိမိမှန်းမသိပဲ မှောက်ယက်သားကျသွားပါတော့သည်။ စိုးထိုက်ကဆွဲထူလိုက်ပြီး

" လူအေးရာ .. မင်းကလည်းနည်းနည်းပါးပါးဂရုစိုက်ဦး .."

ဟုပြောလိုက်ကာ ခါးကြားမှ ပုလင်းကိုထုတ်ပြီးမော့လိုက်တော့သည်။လူအေးကစိုးထိုက်ဘက်သို့လက်ကမ်းပေးသဖြင့် ပုလင်းကိုပေးလိုက်ပြီး

" ငါ့ထဲကနေတောင် လာသောက်နေသေးတယ် .. သောက်သောက် .."

ဟုပြောပြီး ဦးဘဒင်အနောက်လိုက်သွားပါတော့သည်။ လူအေးတစ်ယောက် ပုလင်းတစ်ဝက်ခန့်ရှိအရက်များကို တစ်ခါထဲမော့ချလိုက်ပြီး စိုးထိုက်ကျောပြင်ကိုစိုက်ကြည့်ကာ ပြုံးနေပါတော့သည်။
စိုးထိုက်တို့လဲအထဲရောက်သည်နှင့်ငါးယောက်သားခက်သွက်သွက်အိမ်အနီးသို့ချည်းကပ်လိုက်တော့သည်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်ငြိမ်သက်နေသလိုတစ်ခါတစ်ရံ လေတိုက်သဖြင့်သစ်ပင်များမှလှုပ်ရှားသံတို့သာကြီးဆိုးနေလေသည်။ ပြတင်းပေါက်တံခါးကိုအသာကလန့်ပြီး ပွင့်သွားသည်နှင့်စိုးထိုက်က အရင်ခုန်ဝင်လိုက်သည်။ ပါလာသောဓာတ်မီးကိုခပ်အုပ်အုပ်ထိုးကာ ရောက်ရှိနေသည့်အခန်းငယ်လေးကိုကြည့်ရင်း စာဖတ်ခန်းတစ်ခုဖြစ်မည်ဟုသုံးသပ်မိလိုက်သည်။ ဦးဘဒင်က အခန်းတံခါးကိုအသာဟရင်း

" ဟိုမှာတွေ့လားစိုးထိုက်.. ဧည့်ခန်းကနေအပေါ်ကိုတက်တဲ့လှေကားကြီးတွေ့လား.. ရုပ်ထုကြီးရှိတာ.. ပြေးပြီးချည်မန်းကွင်းစွပ်လိုက်.."

ဟုပြောလိုက်တော့ စိုးထိုက်တစ်ယောက် ဦးဘဒင်ပေးသည့် ချည်မန်းကွင်းကိုယူကာ အသာအယာတိုးကပ်သွားပါတော့သည်။ဆယ်ပေခန့်အလိုမှနေ၍ရုပ်ထုကိုကြည့်လိုက်တော့ အပြင်ကလရောင်ကြောင့်ရှင်းလင်းစွာမြင်နေရသည့် ပြုံးနေဟန်ရှိသည့် လှံကိုင်စစ်သူကြီးရုပ်ထုကိုတွေ့လိုက်ရလေသည်။စိတ်ထဲကနေ၍ ရုပ်ထုကသရဲကပ်နေတယ်သာပြောတာ ပြုံးနေတာပဲ ဟုရေရွတ်ပြီး ဦးခေါင်းကိုချည်မန်းကွင်းစွပ်ချလိုက်ပါတော့သည်။

" ဝရော ..ဖရော.. ဖရော.." ဟူ၍စံအိမ်တွင်းမှ ငှက်များအပြင်ပျံထွက်သွားသည်နှင့် ဦးသာဒင်နှင့်ကျန်လူများအခန်းတွင်းမှထွက်လာကာ

" ဟား..ဟား..ဟား ..အောင်ပြီကွ အောင်ပြီ .."
" ခုတော့ဘာတက်နိုင်သေးလဲ .."

ဟုပြောရင်း" အခုအစီအရင်စမယ်.. မင်းတို့အားလုံး စည်းဝိုင်းထဲကမထွက်ပါနဲ့.."

ဟုပြောကာ ရုပ်ထုရှေ့ခပ်လှန်းလှန်းတွင် ထိုင်ချလိုက်သည်။ ဘေးလွယ်အိပ်ထဲမှ ပစ္စည်းများတစ်ခုချင်းထုတ်ကာ အောင်ပုလက်ထဲသို့ ဆန်မန်းများထည့်ပေးရင်း
" ငါတို့လူအားလုံးခြုံမိအောင်အဝိုင်းပုံစံလုပ်လိုက် .."

ဟုပြောလိုက်သည်။ဖယောင်းတိုင်သုံးတိုင်ကိုထွန်းလိုက်ပြီး ခွက်လေးတစ်ခုကိုရှေ့မှာချလိုက်ကာ ဘူးအတွင်းမှအရည်များသွန်ထည့်လိုက်သည်။ထိုအချိန်တွင် အောင်ပု လဲဆန်မန်းများဖြင့် စည်းဝိုင်းဝိုင်းပြီးသားဖြစ်နေလေသည်။ ဦးဘဒင်က ပါးစပ်နားသို့လက်သီးဆုတ်ကပ်ကာ တီးတိုးရွတ်ဆိုပြီး ဖယောင်းတိုင်များထဲသို့လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်များ အဆမတန်ထတောက်လာပါတော့သည်။အိမ်အတွင်းလေပြင်းများတိုက်ခိုက်သကဲ့သို့တဝေါဝေါမြည်လာခဲ့ပြီး အိမ်အပေါ်ထပ်မှနေ၍အော်ဟစ်ပြေးလွှားသံများအတိုင်းသားကြားနေရပါတော့သည်။ မီးဆိုင်းများမှနေ၍ အလင်းရောင်များထွက်ပေါ်လာပြီး အိမ်ကြီးတစ်ခုလုံးလင်းထိန်လာခဲ့သည်။

" သရဲကောင်..ငါ့ရှေ့လာခဲ့စမ်း .."

ဟုဦးဘဒင်ကပြောလိုက်သည်နှင့် ရုပ်ထုထံမှ မီးခိုးငွေ့ထွက်လာကာ သူတို့လူစုရှေ့တွင် အရိပ်ပုံစံပေါ်လာခဲ့သည်။ ဦးဘဒင်က

" မင်းကငါ့တပည့်ဖြစ်သွားပြီ .. ငါခိုင်းတာလုပ်ရမယ် ..ကြားလား.."

ဟုပြောလိုက်တော့ အရိပ်က ခေါင်းငြိမ်သလိုလုပ်ပြသည်။

" ဟား ..ဟား ..ဟား.. အောင်ပြီကွ ..ဘယ်ဆရာမှမနိုင်တဲ့အငြိုးကြီးသရဲကိုငါပိုင်ပြီ.. ဟား ဟား ဟား .."

" ဒီအိမ်မှာ ရတနာပစ္စည်းတွေရှိတယ်လို့ ငါကြားထားတယ် ..ဘယ်နားမှာထားလဲ.."

ဟုမေးလိုက်တော့ ထိုသရဲက အိမ်အပေါ်ထပ်နှစ်နေရာကိုလက်ညှိုးထိုးပြပြီး အိမ်နောက်ဖေးဘက်ကိုထပ်ပြသည်။ဦးဘဒင်က

" အိမ်ပေါ်မှာ နှစ်နေရာ ..အိမ်နောက်မှာတစ်နေရာလား.."

ဟုပြောလိုက်တော့ ခေါင်းငြိမ့်ပြသည်။

" စိုးထိုက် ..မင်းလူတွေနဲ့တစ်ယောက်တစ်နေရာစီ လူခွဲရှာ ပစ္စည်းတွေရရင်ပြန်မယ် .."

ဟုပြောပြီး စည်းဝိုင်းထဲမှာ ထိုင်ချလိုက်သည်။လူအေးက ဦးဘဒင်အနောက်တွင်မတ်တပ်ရပ်နေကာ မြတ်မင်း၊စိုးထိုက်၊အောင်ပုတို့က တစ်ယောက်တစ်နေရာစီခွဲထွက်သွားပြီးရတနာတွေရှာဖို့ထွက်သွားသည်။ အောင်ပုက အိမ်အနောက်ဘက်သို့ဝင်လိုက်တော့ မီးဖိုခန်းသို့ရောက်ရှိလေသည်။ ဟိုးတုန်းက မီးဖိုခန်းများမှာ ထင်းကိုအသုံးပြုပြီးချက်ပြုတ် ကြသဖြင့် မီးဖိုကြီးများမှာကြီးမားလွန်းလှသည်။ အိုးကြီးအိုးငယ်များလဲအစီအရီရှိနေပြီး တစ်အိုးစီဖွင့်ကာ ရှာဖွေနေလေသည်။
အိမ်အပေါ်ထပ်တစ်နေရာတွင်စိုးထိုက်ကအခန်းတစ်ခုထဲဝင်လိုက်တော့ မည်သည့်ပစ္စည်းမျှထားရှိခြင်းမရှိပဲအခန်းလွတ်ကြီးတစ်ခုမှသာဖြစ်နေသည် အခန်းထောင့်တွင်သာ ကနုတ်တွေနှင့်အလှဆင်ထားသည့် ကျွန်းဘီဒိုတစ်လုံးရှိနေသည်။ စိုးထိုက်ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြမ်းပြင်မှ တစ်ဂျွတ်ဂျွတ်အော်မည်သံသာ ခြောက်ခြားဖွယ်ထွက်ပေါ်လာလေသည်။ တစ်ဘက်ခန်းရှိမြတ်မင်းက စာအုပ်စင်တွေပတ်လည်ရှိနေသည့်အခန်းထဲသို့ရောက်ရှိနေပြီး အခန်းအနှံ့လိုက်လံကြည့်ရှုရင်း စင်တစ်ခုပေါ်ရှိကတ္တီပါအိတ်ကိုရှာဖွေတွေ့ရှိလေသည်။
အိတ်လေးကိုအသာဖွင့်ကြည့်လိုက်တော့အလင်းရောင်အောက်မှာ ကျောက်စိမ်းတွေစီချယ်ထားတဲ့ ကျောက်စိမ်းဘယက်ကြီးတစ်ခုကိုတွေ့မြင်လိုက်ရသည်။ ဘယက်ကြီးအောက်ဘက်မှာ ရောင်စုံကျောက်မြတ်ရတနာတွေကိုတွေ့လိုက်ရသည်နှင့်မြတ်မင်းတစ်ယောက်အပျော်ကြီးပျော်ကာ အခန်းအပြင်သို့လှည့်ထွက်ရန်ဟန်ပြင်လိုက်ပါတော့သည်။ ဝုန်း.. ဆိုပြီးတော့စာအုပ်စင်တစ်ခုပြိုလဲကာ မြတ်မင်းလှည့်ကြည့်လိုက်တော့ စာအုပ်စင်တွေပေါ်ကနေငုတ်တုတ်ထိုင်ကာသူ့ကိုစိုက်ကြည့်နေသည့် လူငါးယောက်ခန့်ကိုတွေ့လိုက်ရပါတော့သည်။ လူဟုဆိုစေကာမူ လျှာကြီးများကတစ်တောင်ခန့်ထွက်ကျနေပြီး ရုပ်ပျက်ဆင်းပျက်အနေအထားများအသီးသီးရှိနေလေသည်။ ဗိုက်ကအူတွေထွက်ကာ လည်ပင်းမှာပြန်ပတ်ထားသည်ကတစ်ဖုံ သွေးအလိမ်းလိမ်းဖြင့်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကတစ်ဖွယ်စသည်ဖြင့်အသီးသီးကြောက်မက်ဖွယ်ရာအခြေအနေကိုပိုင်ဆိုင်ထားကြလေသည်။ မြတ်မင်းတစ်ယောက် လွန်စွာကြောက်လန့်ကာ အခန်းအပြင်ဘက်သို့လှည့်ပြေးပါတော့သည်။ တံခါးကိုဆွဲဖွင့်ပြီးအပြင်ကိုအထွက်တွင် တံခါးဝမှနေ၍ မျက်လုံးတွေအပြင်ကိုထွက်ကြနေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်နှင့်လန့်ကာ အတင်းတိုးထွက်ပြေးတော့သည်။ ဝုန်းဆိုသည့်အသံပေါ်ထွက်လာပြီးရင်ထဲအေးကနည်းဖြစ်သွားကာ ဂျွတ်ဆိုသည့်အသံနှင့်အတူ လည်ပင်းနေရာကပူကနည်းဖြစ်သွားပြီး အိမ်ပေါ်ထပ်ကနေ၍ အောက်ထပ်သို့ဇောက်ထိုးကျသွားပြီး ဦးဘဒင်တို့ဘေးနားသို့ငြမ်သက်စွာရောက်ရှိသွားပါတော့သည်။
"ဟာ ဘယ်လိုဖြစ်တာလဲကွ"
ဟူ၍ ဦးသာဒင်ရေရွတ်လိုက်ပြီး လူအေးရှိရာဘက်သို့လှည့်ကာတစ်ခုခုပြောမည့်ဟန်ပြင်လိုက်သည်။ ဒုတ် ဟူ၍အသံထွက်ပေါ်လာပြီး နဖူးတည့်တည့်ပူကနည်းဖြစ်ကာ ကြမ်းပြင်ပေါ်သို့ မှောက်ခုံလဲကျသွားပါတော့သည်။ ဝရန်တာကနေ မြတ်မင်းပြုတ်ကျသည့်အသံကြောင့် စိုးထိုက်တစ်ယောက်အပြင်ထွက်ကြည့်သည့်အခါ ဦးဘဒင်ကျောပေါ်ကို လူအေးကခွထိုင်ပြီးစိတ်ရှိလက်ရှိအရက်ပုလင်းဖြင့်ဦးခေါင်းကိုရိုက်ခွဲနေတာတွေ့လိုက်ရပါတော့သည်။
" ဟေ့ကောင်လူအေး မလုပ်နဲ့ မလုပ်နဲ့ "

လူအေးကတစ်ချက်မော့ကြည့်ကာ လှေကားဘက်သို့စတင်လှမ်းလာပါတော့သည်။ပါးစပ်ကနေ၍ တဟားဟားအော်ဟစ်ရယ်မောကာ တစ်လှမ်းချင်းလှမ်းလျှောက်လာပုံမှာ လူအေးပုံစံမဟုတ်ပဲထူးဆန်းနေသဖြင့် စိုးထိုက်တစ်ယောက်ကြောင်ကြည့်နေတုန်း ဦးသာဒင်က မပီမသအသံဖြင့်
"စိုးထိုက် ပြေး ပြေးတော့ သရဲဝင်ပူးနေပြီ လွတ်အောင်ပြေး"
ဟုပြောရင်းမျက်ဖြူလန်ကာ ဇာတ်ကျိူးကျသွားပါတော့သည်။စိုးထိုက်တစ်ယောက်လှေကားပေါ်တက်မလို့ဟန်ပြင်နေသည့် လူအေးကိုကြည့်ကာ ကြံရာမရဖြစ်နေတုန်း လူအေးထံသို့ မြေအိုးတစ်လုံးအရှိန်ဖြင့်ပြေးဝင်ထိမှန်ကာ 'ခွမ်း'ကနည်းအသံမြည်ပြီးအိုးကွဲသွားသည်။ မိုးဖိုခန်းမှ အောင်ပုက မြေအိုးဖြင့်ပစ်လိုက်ကာ လူအေးကို အတင်ဝင်လုံးချုပ်ပါတော့သည်။ လူအေးကလက်ထဲကပုလင်းကို လှေကားလက်ရမ်းဖြင့်ရိုက်ခွဲလိုက်ပြီး အောင်ပု ကျောပြင်ကိုထိုးစိုက်လိုက်သည်။ "အားးးး ပြေးပြေးစိုးထိုက်ပြေး ငါချုပ်ပေးထားမယ်"
ဟုအော်ဟစ်ရင်း လူအေးခါးကိုလက်နှစ်ဖက်ဖြင့်ဖမ်းချုပ်ကာ ကျောမှပုလင်းကွဲဖြင့်ထိုးသည့်ဒဏ်ကိုကြိတ်မှိတ်ခံနေရပါတော့သည်။ လူအေးက အဆက်မပြတ်ဆက်တိုက်ထိုးစိုက်နေတုန်း စိုးထိုက်တစ်ယောက် လှေကားမှခုန်ချ၍အိမ်ပြင်ဘက်သို့ထွက်ပြေးပါတော့သည်။ အောင်ပုကျောကုန်းမှာ ပုလင်းကွဲဖြင့်အတက်မပြတ်ထိုးစိုက်နေသောကြောင့်အသားစတွေလန်ရုံသာမက အဆုတ်အပိုင်းအစတွေပါ လွင့်ထွက်လာပါတော့သည်။ ခါးကိုဖမ်းချုပ်ထားသည့်လက်တို့ တစ်ဖြည်းဖြည်းပြေလျော့ပြီး အောင်ပုကြမ်းပြင်ပေါ်သို့ငြိမ်သက်ကာလဲကျသွားမှ လူအေးတစ်ယောက် ခြေတစ်လှမ်းချင်းထွက်ခွာလာပါတော့သည်။ ဧည့်ခန်းအတွင်းတွင်တော့ ဇာတ်ကျိုးနေသည့်မြတ်မင်း၊ဦးခေါင်းကိုပုလင်းဖြင့်ရိုက်နှက်ခံရသော ဦးဘဒင်နှင့် ပုလင်းကွဲဖြင့်ကျောကုန်းကိုမွစာကြဲအောင်အထိုးခံရထားသည့်အောင်ပုတို့မှာရုပ်ပျက်ဆင်းပျက် အသက်ထွက်ကုန်ကြလေတော့သည်။ အိမ်ပြင်သို့ပြေးထွက်သွားသည့် စိုးထိုက်တစ်ယောက် ခြံထဲသို့ရောက်သောအခါ ခြံတံခါးဝတွင်ပိတ်ရပ်ထားသည့် လှံတံကိုစွဲကိုင်ထားသော စစ်သူကြီးရုပ်ထုနှင့်တူသည့်လူတစ်ဦးအပြင် နောက်ထပ်ရုပ်ပျက်ဆင်းပျက်လူငါးဦးကိုပါတွေ့လိုက်ရပါတော့သည်။
" အားးးကြောက်ပါပြီဗျ မလုပ်ပါနဲ့မသတ်ပါနဲ့ နောက်ကိုမလုပ်တော့ပါဘူးဗျ "
ဟုအော်ဟစ်နေတုန်း လူတစ်ယောက်က အရှေ့ကိုထွက်လာကာ မိမိဗိုက်ကိုမိမိလက်ဖြင့်ထိုးနိုက်ပြီး အူးများကိုဆွဲထုတ်ပြပါတော့သည်။နောက်တစ်ဦးကလဲ ဦးခေါင်းကို အရှေ့အနောက်တစ်ပါတ်လည်လှည့်ပြရင်း ဦးခေါင်းမှာမြေကြီးပေါ်သို့ပြုတ်ကျသွားအောင်လုပ်ပြသည်။ စိုးထိုက် ကြောက်လန့်ပြီး အနောက်သို့ဆုတ်သောအခါ အိမ်ထဲမှထွက်လာသည့် လူအေးနှင့်တိုက်မိသွားပါတော့သည်။ မြေကြီးပေါ်လဲကျနေရာမှပြန်မထနိုင်ပဲ စိုးထိုက်တစ်ယောက်ဖင်တရွတ်တိုက်တွန်းရင်း
"သူငယ်ချင်းငါပါကွာ စိုးထိုက်ပါ ငါ့ကိုမသတ်ပါနဲ့ကွာ"
ဟုအသည်းအသန် လက်ကာခြေကာဖြင့်တောင်းပန်ပါတော့သည်။ ထိုအချိန်
"ဒီရန်သူကို လွှတ်ပေးလိုက်ပါ မောင်မင်း"
ဟူ၍စစ်သူကြီးရုပ်ထုနှင့်တူသည်လူက လှမ်းပြောတော့ လူအေးက ဦးညွှတ်အရိုအသေပေးပြီး မှန်လှပါတပ်မှုးလေး ဟုပြောကာ လက်ထဲတွင်ကိုင်ဆွဲထားသည့် ပုလင်းကွဲစဖြင့် သူ့လည်ပင်းကိုသူ လှီးဖြတ်ပါတော့သည်။သွေးကြောများပေါက်ထွက်ကုန်သည်နှင့် မြင်မကောင်းလောက်အောင် ပန်းထွက်လာပြီးတစ်ချို့သွေးစက်များမှာ စိုးထိုက်မျက်နှာသို့ပင်စင်ကုန်လေသည်။ လည်ပင်းကိုဟက်တက်ခွဲချ၍ ပုလင်းကွဲအပိုင်းကိုစိုးထိုက်ထံသို့ပစ်ပေးကာ လူအေးတစ်ယောက် အကြောဆွဲပြီးနေရာမှာပင် ခွေလဲကျသွားပါတော့သည်။ သွေးတွေပေနေတဲ့ ပုလင်းကွဲအပိုင်းပြတ်ကို ကိုင်ကာ စိုးထိုက်တစ်ယောက်ကြောင်ကြည့်နေရင်း ပါးစပ်ကနေ
" ငါကြောက်တယ် ဟားဟား ဟား. သေကုန်ပြီကွ ဟား ဟား ဟား "
ဟုအော်ဟစ်ရယ်မောကာ ကျန်ရစ်နေပါတော့သည်။

နောက်တစ်နေ့မနက်တွင် တစ်ကိုယ်လုံးသွေးတွေပေပွနေသည့်လူတစ်ဦး လမ်းမထက်မှာ ပါးစပ်ကပေါက်ကရတွေပြောရင်း ရူးကြောင်ကြောင်ဖြင့်သွားလာနေသည်ကို တွေ့မြင်ရပြီး လေးလောင်းပြိုင်လူသတ်မှုဖြင့်ရဲများမှာအလုပ်ရှုပ်နေကာ အိမ်ပိုင်ရှင် ဦးသာလှ တစ်ယောက် စိတ်ရှုပ်ထွေးလျှက်ရှိနေပါတော့သည်။ သားဖြစ်သူ အာကာ ကိုကြည့်ကာ
"အဖေလဲဘယ်လိုလုပ်ရမှန်းမသိတော့ဘူးငါ့သားရာ အိမ်ထဲမှာလူသတ်မှုဖြစ်ပြန်ပြီ"
"ဟုတ်ပါ့အဖေရာ လူတွေကလဲဖြစ်စရာရှားလို့ကျွန်တော်တို့အိမ်ထဲမှလာဖြစ်ရတယ်လို့ဗျာ ရဲကဘာပြောလဲအဖေ"
ဟုမေးလိုက်တော့ ဦးသာလှက
"အိမ်ဖောက်ထွင်းပြီး ရတနာပစ္စည်းတွေရတော့ လောဘတက်အချင်းချင်းသတ်ဖြတ်တယ်ဆိုပြီးကောက်ချက်ချထားတယ်ငါ့သား ဘာပဲပြောပြော အမှုကတော့ပတ်မှာပဲ ဒီအိမ်အမြန်ဆုံးရောင်းထွက်မှဖြစ်မယ် အဖေကိုးကွယ်တဲ့ဆရာတော် သီတင်းသုံးတဲ့ရွာမှာ ရှင်တစ်ရာပွဲ လုပ်ဖို့လျှောက်ထားတာကြာပြီ အလှူပွဲကနီးနေတော့ ငါ့သားပဲ ဒီဘက်ကကိစ္စတွေလုပ်လိုက်တော့ အဖေ ခဏနေအလှူအတွက်ပစ္စည်းတွေယူပြီးခရီးထွက်တော့မယ် အမှုကိစ္စကတော်ယုံနဲ့ပြီးမှာမဟုတ်ဘူး အလှုပြီးတာနဲ့အဖေ ဆရာတော့်ကိုပြောပြီးအကူအညီရလိုရညားတောင်းကြည့်ဦးမယ် "
ဟုပြောကာ ထွက်သွားပါတော့သည်။ အာကာတစ်ယောက် ဖခင်ဖြစ်သူဦးသာလှနောက်ကျောကိုငေးကာ ကုလားထိုင်ပေါ်သို့စိတ်ညစ်ညစ်ဖြင့်ထိုင်ချလိုက်ပါတော့သည်။ဘောင်ဘီအိပ်အတွင်းက ဖုန်းတုန်ခါမှုကြောင့် အာကာ ဖုန်းကိုထုတ်ယူလိုက်ပြီး
" ဟဲလို ..ချစ် .."ဟူ၍ထူးလိုက်သည်။
" .... ....."
" အိုကေ ..အိုကေ ..ချစ် ကိုယ်လာကြိုမယ်
မနက်ဖြန်နော် ..အိုကေ ချစ် "
ဟူး လေပူများမှုတ်ထုတ်လိုက်ကာ ရန်ကုန်မှ ချစ်ရသောသူ သဲသူဇာ အလည်လာမည်
အချိန်နှင့်အိမ်မှာပြဿနာတွေတက်နေသည့်အချိန်ဖြစ်နေသောကြောင့်ပျော်ရွှင်မှုနှင့်အတူစိတ်အလိုမကျမှုကတွဲကပ်ပါနေပါတော့သည်။
ပြည်ရန်ကုန်ကားများစိုက်ရောက်လာသည့်နှင့် လှပလွန်းသည့်ချစ်သူချောကိုဆိုင်ကယ်ပေါ်တင်ခေါ်လာခဲ့ပြီး မြို့ထဲသို့စတင်မောင်းနှင်လာလိုက်သည်။
"လွမ်းလိုက်တာကိုရယ် မတွေ့ရတာတောင်ကြာနေပြီ "
ဟုချစ်သူက ကျောကုန်းလေးကိုမှီပြီးပြောတော့ ရင်ထဲတွင်ကြည်နူးမိလေသည်။ "အလုပ်တွေရှုပ်နေလို့ပါချစ်ရာ ပြဿနာတွေလဲတစ်ခုပြီးတစ်ခုတက်နေတယ်"
ဟုပြောနေတုန်း ဖုန်းတစ်ကောဝင်လာပါတော့သည်။ ဆိုင်ကယ်ဦးထုတ်က ဖုန်းနဲ့ချိတ်ဆက်ထားသဖြင့် ဆိုင်ကယ်မောင်းနေရင်းဖုန်းလက်ခံစကားပြောလိုက်သည်။
"ဟဲလို ဟုတ်ကဲ့ ကျွန်တော်အာကာပါ"
" .... ..... .... .... "
ခဏလေးစောင့်ပါလား အခုပဲလာခဲ့ပါ့မယ်
" .... ..... .... .... "
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ
ဟုပြောပြီး မြို့ပြင်သို့ပြန်လှည့်လိုက်သည်။
"ကို ဘာဖြစ်လို့လဲ"
"မြို့ပြင်ကအိမ်မှာပြသနာတက်ထားလို့ချစ်ရာ အခုရဲတွေအိမ်ထဲဝင်စစ်ချင်တယ်ပြောလို့ ခဏသွားပေးမလို့ ချစ်လဲလိုက်ခဲ့လေ"
"သူတို့ဘာသာ ဝင်သွားလို့မရဘူးလားကိုရယ် "
"ပြောရမယ်ဆိုအရှည်ကြီးပဲချစ်ရ ဟိုရောက်မှရှင်းပြမယ်"
ဟုပြောကာ လီဘာကုန်ဆွဲရင်းစံအိမ်ကြီးကိုဦးတည်မောင်းနှင်လာခဲ့တော့သည်။
ခြံရှေ့ရောက်တော့ ဆိုင်ကယ်ပေါ်ကနေနှစ်ယောက်သားဆင်းလိုက်ပြီး ရဲအရာရှိနှစ်ယောက်နှင့် ရပ်ကွက်လူကြီးများကိုနှုတ်ဆက်ကာ
"ခြံထဲဝင်ကြည့်လို့ရပါတယ် ဦးလေးတို့ရ သော့မခက်ထားပါဘူး "
ဟုပြောလိုက်တော့ ရက်ကွက်လူကြီးများက
"မောင်အာကာရယ် ဦးတို့ချည်းပဲတော့မဝင်ရဲဘူးကွဲ့ သတင်းတော်တော်ကြီးနေတာလေ အခုတောင် ရဲအရာရှိတွေ စစ်ဆေးချင်တယ်ပြောလို့လိုက်လာခဲ့ရတာ"
ဟု ရယ်ကျဲကျဲ ပြောပါတော့သည်။ အာကာက
"ကျွန်တော်တို့သားအဖကတော့ ဘာမှမဖြစ်ပါဘူးဗျာ ဒီလိုပဲဝင်ထွက်နေတာပါပဲ တစ်ခြားလူတွေနာမည်ဖျက်တာနေမှာပါဗျာ "
ဟုပြောပြီးခြံထဲသို့ဦးဆောင်ဝင်လိုက်ပါတော့သည်။ အလောင်းတွေသယ်ထုတ်သွားပြီဖြစ်သဖြင့် အလောင်းတွေနေရာမှာ မြေဖြူခဲအမှတ်အသားများသာကျန်ရှိလေသည်။သဲသူဇာတစ်ယောက်ခြံထဲလျှောက်ကြည့်နေရင်း အပင်ကြီးတစ်ခုအောက်တွင်ကြိုးပုခက်ဆင်ထားသည်ကိုတွေ့သဖြင့် တက်ထိုင်ကာ စီးနေလိုက်သည်။
အိမ်ပေါ်ထပ်ပြတင်းပေါက်ကနေ တပ်မှုးလေးနေမျိုးသူရ တစ်ယောက်ခြံထဲဝင်လာသည်လူများကိုကြည့်နေရင်းအမျိုးသမီးငယ်ကိုစူးစိုက်ကြည့်ကာ မျက်ဝန်းအိမ်မှ မျက်ရည်များစီးကြလာခဲ့သည်။ ဘေးနားရှိသူ့တပည့်သရဲများက
" တပ်မှုးလေး ဘာ့ကြောင့်မျက်ရည်တွေထွက်လာတာလဲ "
ဟုမေးလိုက်တော့ ကြိုးပုခက်စီးနေသည့် မိန်းကလေးကိုကြည့်ပြီး
"စန္ဒာဒေဝီလေ ကျွန်ုပ်အချစ်ဆုံးဒေဝီပေါ့" ဟူ၍ပြောရင်း မျက်ဝန်းအိမ်မှမျက်ရည်များစီးကြလာခဲ့သည်။တပည့်သရဲများက "တပ်မှုးလေးမိန်းမလား ကျွန်တော်မျိုးတို့ ဘယ်လိုလုပ်ပေးရမလဲ"
ဟုမေးနေတုန်း သဲသူဇာအနီးသို့အာကာတစ်ယောက်သွားရောက်ပုခက်လွှဲပေးကာ စကားတွေပျော်ပျော်ရွှင်ရွှင်ပြောနေသည်ကိုတွေ့လိုက်ရတော့ တပ်မှုးလေးတစ်ယောက် မျက်လုံးများနီမြန်းလာခဲ့ပြီး အသားတွေတစ်ဆက်ဆက်တုန်ကာ ဒေါသအမျက်ထွက်လာခဲ့တော့သည်။
"ချစ် ရဲတွေနဲ့လူကြီးတွေစစ်ပြီးပြီ ပြန်တော့မယ်ပြောတယ်
ကိုတို့နေဦးမလား"
ဟုမေးလိုက်တော့ သဲသူဇာက
"ခြံထဲမှာတော့ခဏနေချင်တယ် ကို
အိမ်ထဲတော့မဝင်ရဲဘူး ချစ်ကြောက်တယ်"
"မကြောက်ပါနဲ့ကွာ ကိုတစ်ယောက်လုံးရှိပါတယ်"
ဟုပြောရင်း ကြိုးပုခက်ထဲရှိချစ်သူကို ဆွဲယူ ဖက်ထားလိုက်ပါတော့သည်။ ချစ်သူနှစ်ဦးကြည်နူးလေလေ တပ်မှုးလေးတစ်ယောက်ဒေါသအမျက်ထွက်လေလေဖြစ်နေပါတော့သည်။
တပည့်များကအလိုက်တသိပင်အနားမှထွက်ခွာသွားပြီး ခြံထဲရှိ အာကာနှင့်သဲသူဇာအနားသို့တိုးကပ်သွားသည်။
ညနေစောင်းသည်အထိ စောင့်ရန်မှာကြားပြီး စန္ဒာဒေဝီတစ်ယောက်တစ်ခြားသူရဲ့ရင်ခွင်မှာပျော်ပါးနေတာကိုမခံစားနိုင်သဖြင့်အိမ်အတွင်းဘက်တွင်သာထိုင်နေပါတော့သည်။
"နေစောင်းပြီချစ် ပြန်ရအောင် "
ဟု အာကာကပြောလိုက်တော့ သရဲတစ်ကောင်ကနေမျိုးသူရကို
"တပ်မှုးလေး သူတို့ပြန်တော့မယ်ပြောနေပြီ ဘယ်လိုလုပ်ရမလဲ "
ဟုမေးလိုက်သည်။ နေမျိုးသူရက
"ဒေဝီကို ဘာမှမဖြစ်စေနဲ့ ကျန်တာကြိုက်သလိုလုပ်"
ဟုပြောလိုက်ပြီး လက်စွဲတော်လှံကိုကိုင်ကာထွက်လာခဲ့လိုက်သည်။
အာကာတစ်ယောက် အိမ်တံခါးကိုသောပိတ်ဖို့အလုပ်တွင် ဝုန်းဆိုပြီးအိမ်ပေါ်ထပ်ကခုန်ချလာသည့်အရာတစ်ခုကြောင့်လန့်ဖြန့်သွားလေသည်။ ဝမ်းဗိုက်မှအူများကမြေကြီးပေါ်ထိရောက်အောင်ထွက်နေပြီး လက်ဖြင့်ထိန်းကိုင်ထားသည့်သရဲတစ်ကောင်ကိုတွေ့လိုက်ရတော့သည်။ သဲသူဇာဘေးတွင်လဲ နောက်ထပ်သရဲသုံးကောင်ပေါ်ထွက်လာတော့ သဲသူဇာတစ်ယောက်အကြောက်လွန်ပြီးမေ့လဲသွားပါတော့သည်။ သရဲနှစ်ကောင်က သဲသူဇာကိုအိမ်အနောက်ဘက်သို့ဆွဲယူသွားသည်နှင့် အာကာတစ်ယောက် လိုက်ဆွဲဖို့ဟန်ပြင်နေတုန်း အိမ်တံခါးဝုန်းကနည်း ပွင့်လာကာ လှံတံကိုင်ထားသည့် သရဲတစ်ကောင်ပေါ်ထွက်လာခဲ့ပြီး အာကာ့မျက်နှာနားတိုးကပ်ကာ ထွက်သွား
"ငါ့ပိုင်နက်ထဲကနေထွက်သွား ဒေဝီသခင်မကိုငါပိုင်ပြီ ထွက်သွား "
ဟူ၍ ကပ်ကာအော်ဟစ်ပါလိုက်ပါတော့သည်။ အာကာတစ်ယောက် လိပ်ပြာလွင့်မတက်ဖြစ်သွားပြီး စိတ်နဲ့လူမဲ့မကပ်ဖြစ်ကာ ခြံပြင်သို့ကြောင်တောင်တောင်ဖြင့်ထွက်ခွာသွားပါတော့သည်။
တပ်မှုးလေးနေမျိုးသူရတစ်ယောက်အိမ်ထဲပြန်ဝင်လိုက်သည်နှင့် ခြံတံခါးကော အိမ်တံခါးပါ အလိုလိုပိတ်သွားပြီး အိမ်ကြီးတွင်းမှ မီးများလင်းထိန်နေပါတော့သည်။

အပိုင်း(၂ )ဆက်ရန်ရှိသေးသည်။ နေလင်းရောင်(ဒဂုံမြေ)

Comments

Popular posts from this blog

ဣဿာ မစ်ဆရိယ (စဆုံး)

အောင်မှိုင်းနှင့်အငြိုးကြီးသရဲ(အပိုင်း၂)